ဂျကာတာ ၊ ဇွန်(၂၀)

 အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ဆရာဝန်တစ်ယောက်က စွန့်ပစ်ပလတ်စတစ်ဘူးတွေကို အဖိုးအ ခအဖြစ်လက်ခံပြီး ဆေးကုသပေးနေပြီး လူတိုင်းဆေးကုသမှုခံယူနိုင်အောင် ကူညီပေးနေပါတယ်။ 

မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ စီယန်ဂျာမြို့ အပြင်ဖက်လေးမှာရှိတဲ့ ဟာရာပန်ဆီဟတ်ဆေးခန်းဟာ ဆေးကုသမှု ခံယူချင်သူတွေအတွက် ဆေးဝါးတွေပေးသလို ဆေးလည်းကုသပေးနေပါတယ်။ 

ဒီလိုစီမံပေးမှုအတွက် လူနာ တစ်ယောက်စာ ကျသင့်ငွေအတွက် ပလတ်စတစ်ဘူး၁၀ဘူးစီ လက်ခံယူနေခဲ့တာဟာ ၂၀၀၉ခုနှစ် ကတည်းက ဖြစ်ပါတယ်။ 

ကမ္ဘာမြေကို ကာကွယ်ဖို့ မိမိတို့ တိုက်ဖျက်နိုင်တဲ့ ပြဿနာတစ်ခုကတော့ ပလတ်စတစ်ပြဿနာ ဖြစ်နေတာကို တွေ့ရတာကြောင့် ဇနီးသည်နဲ့ တိုင်ပင်ပြီး အခုလို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အသက် ၄၃နှစ်အရွယ် အထွေထွေ ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာယူဆွတ်ဖ် နူဂရာဟာက ပြောပါတယ်။ 

ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပြီး နိုင်ငံ့လူဦးရေသန်း ၂၇၀ရဲ့ ပြီးခဲ့တဲ့ နှစ်က စွန့်ပစ်ခဲ့တဲ့ ပလတ်စတစ် ပမာဏဟာ ၁၂ဒဿမ၆တန် ရှိတယ်လို့ သဘာဝပတ်ဝန်း ကျင်ဌာနရဲ့ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။

 တစ်နိုင်ငံလုံး စွန့်ပစ်တဲ့ ပလတ်စတစ်ပစ္စည်းတွေရဲ့ ၉ရာခိုင်နှုန်း လောက်ကိုပဲ ပြန်လည် ထုတ်လုပ် အသုံးပြုနေပြီး ကျန်တဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကတော့ အမှိုက်ပုံတွေနဲ့ ပင်လယ်ထဲကို ရောက်သွားတာကြောင့် နိုင်ငံရဲ့ ရေထုနဲ့ မြေထုညစ်ညမ်းမှု ဖြစ်ပေါ်နေရတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့တွေက ပြောပါတယ်။ 

ကိုယ်နေတဲ့ မြို့မှာရှိတဲ့ လူတွေကို ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အာရုံ စိုက်လာစေချင်တာကြောင့် အခုလို အမှိုက်တွေ လက်ခံပြီး ဆေးကုသပေးနေတာ ဖြစ်တယ်လို့ ဒေါက်တာ ယူဆွတ်ဖ်က ပြောပါတယ်။ 

ဆေးခန်းတည်ထောင်သူ ဒေါက်တာယူဆွတ်ဖ်က လောလောဆယ်မှာ သူတို့ ဆေးခန်းရဲ့ အစီအစဉ်အရ အင်ဒိုနီးရှားရဲ့ စွန့်ပစ်ပစ္စည်း ပြဿနာကို ဖြေရှင်းရာမှာ သက်ရောက်မှု နည်းနည်းလေးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

သူတို့ ဆေးခန်းက တစ်နေ့တာ လူနာတွေ လက်ခံဆေးကုပေးပြီးနောက် ရရှိတဲ့ ပလတ်စတစ် ဘူး ၄၀၀ လောက် ကို သူတို့ ဆေးခန်းနဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ ပလတ်စတစ် ပြန်လည် ထုတ်လုပ်သုံးစွဲရေးလုပ်ငန်းသို့ ပိုပေးနေရတယ်လို့ သိရပါတယ်။

 စီယန်ဂျာမြို့ရဲ့ နေ့စဉ် စွန့်ပစ်နေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၂၁၀ရှိနေတာကြောင့် အခုလို မိမိတို့ ဖြေရှင်းနိုင်မှုက အရမ်းနည်းတဲ့ ပမာဏလောက်ပဲ ဆိုပေမယ့် ဒေသခံတွေအပေါ် သက်ရောက်မှုကတော့ ကြီး မားတယ်လို့ ဒေါက်တာ ယူဆွတ်ဖ်က ပြောပါတယ်။ 

ဟာရာပန်ဆီဟတ် ဆေးခန်းကို နေ့စဉ် ဆေးလာကုတဲ့ လူနာတွေထဲမှာ ဖျားနာတာ၊ ချောင်းဆိုး ကြာရှည်နေတာ တွေလို မပြင်းထန်တဲ့ရောဂါ ဖြစ်နေသူတွေကနေ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နေသူတွေလို အသက်အန္တ ရာယ်ရှိတဲ့ လူနာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 သူတို့ ခံစားနေရတဲ့ ရောဂါကဘာပဲဖြစ်နေနေ လူနာတစ်ယောက်အတွက် ဆေးကုသစရိတ်နဲ့ ဆေးဝါးတွေ အ တွက် ဟာရာပန်ဆီဟတ်ဆေးခန်းက စွန့်ပစ်ပလတ်စတစ်ဘူး ၁၀ဘူးပဲ လက်ခံယူပါတယ်။ ဒီလို ဆေးကုပေးနေရာမှာလည်း ဆေးရုံတက်ရလောက်အောင် ကြီးကြီးမားမား ရောဂါ ဖြစ်နေတဲ့လူနာတွေကို ဆေးရုံတင်ခိုင်းနေသလို တစ်ခါက ဆေးရုံတင်ပို့ ငွေမတတ်နိုင်တဲ့ လူနာတစ်ယောက်အတွက် ဒေါက်တာ ယူဆွတ်ဖ်က ငွေပါစိုက်ထုတ်ပေးပြီး ဆေးရုံပို့ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ 

ဒေါက်တာ ယူဆွတ်ဖ်ဟာ အရမ်းကြီးပြေလည်တဲ့ မိသားစုက မွေးလာသူမဟုတ်တာကြောင့် ငယ်ငယ် ကတည်းက အများကို ကူညီချင်ခဲ့ပြီး နေမကောင်း ဖြစ်မှာကိုတော့ သေမလောက် ကြောက်ခဲ့မိတယ်လို့ ဆိုပါတယ်။ နေမကောင်းလို့ ခံစားရမှာကို သူကြောက်နေမိတာ မဟုတ်ဘဲ ဆေးကုလို့ ကုန်မယ့်ငွေပမာဏ အတွက် တွေးကြောက်နေမိတာလို့ ဒေါက်တာ ယူဆွတ်ဖ်က ပြောပါတယ်။ 

ဒါကြောင့် သူက ဆရာဝန် တစ်ယောက် ဖြစ်ချင်ခဲ့တာဖြစ်ပြီး ငွေမရှိတဲ့လူတွေ နေမကောင်းဖြစ်ရင် စိတ်မပူ ရအောင် ကမ္ဘာကြီးကို ကာကွယ်ရာမှာလည်း ပါဝင်ကူညီပြီးသား ဖြစ်အောင် ဒီဆေးခန်းလေးကို ဖွင့်လှစ် ကုသပေးနေတာ ဖြစ်တယ်လို့ ဒေါက်တာ ယူဆွတ်ဖ်က ပြောပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.