ရေး၊ ဇွန်(၂၀)

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကျောက်အိုင်ကျေးရွာ မွန်ဒေသအခေါ် ဝင်းတမော့ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတဲ့ မွန်အမျိုးသမီးအတွက် စစ်ကောင်စီတပ်က နာရေးအကူငွေဆိုပြီး ငွေကျပ် ၂ သိန်း အတင်းလာပေးသွားမယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခေါဇာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၁) ဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီး ၅ လုံး ရမ်းသမ်းပစ်ခတ်ရာကနေ ဝင်းတမော့ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အ တွက် အသက် ၃၅ အရွယ် မိထွေးထွေးကြည် ကျည်ထိမှန်သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပစ်ခတ်မှုပြီးနောက် အဲဒီနေ့မှာပဲ မိထွေးထွေးကြည်တို့နေအိမ်ကို ရောက်ရှိလာပြီးနောက် သူတို့ပစ်ခတ်တာမဟုတ်ကြောင်း လာရောက်ပြောဆိုပြီး ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန် ၁၈ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က ထပ်မံရောက်ရှိလာပြီး မိထွေးထွေးကြည်အတွက် နာရေးကူငွေဆိုပြီး ငွေကျပ် ၂ သိန်းကို မဖြစ်မနေယူဆောင်ရမယ်ဆိုတဲ့သဘောနဲ့ အတင်းလာပေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကတော့ ဝင်းတမော့ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုဟာ စစ်ကောင်စီတပ်က လုပ်ဆောင်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို အခိုင်အမာပြောဆိုပါတယ်။

စစ်တပ်ကြောင့် လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ မွန်အမျိုးသမီးအတွက် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီအပါအဝင် မွန်နိုင်ငံရေးပါတီတို့က စစ်ကောင်စီထံ စာပို့ကန့်ကွက်တာနဲ့ သဘောထားထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မွန်ပြည်နယ် ရေးမြို့နယ်ဟာ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း စစ်ရေးလှုပ်ရှားတာပါ။

ဒါပေမဲ့ စစ်ကောင်စီကတော့ အာဏာသိမ်းကာလအတွင်း ရေးမြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.