ဘီးလင်း၊ ဇွန်(၂၀)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးဟာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ မကြာခဏလာရောက်တတ်တဲ့ ယာယီမြေယာစီမံကိန်းရုံးဟာ ဇွန် ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ် ရာရတာတော့မရှိဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီရုံးဟာ တောင်စွန်းကျေးရွာ အောင်ဆန်းကွက်သစ်မှာ အရစ်ကျစနစ်နဲ့မြေဝယ်ယူထားသူတွေက မြေယာခွန်သွင်းချိန် စစ်ကောင်စီတပ်နဲ့မြေစာရင်းဌာနက ဝန်ထမ်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်နေထိုင်တဲ့ရုံးဖြစ်တယ်လို့ သိရပါတယ်။

ဒေသ PDF အဖွဲ့ဝင်တစ်ဦးကတော့ မြေယာစီမံကိန်းရုံးကို မိုင်း ၅ လုံးထောင်ပြီး ဖောက်ခွဲဖို့ ပြင်ဆင်ခဲ့ပေမယ့် ရုံးအရှေ့မှာထောင်ထားတဲ့ မိုင်း ၂ လုံး အခန့်မသင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီနောက်ကျန်မိုင်း ၃ လုံးကို စစ်ကောင်စီဘက်က လာရောက်ဖျက်ဆီးစဉ် ရုံးအဆောက်အဦး ပြိုကျခဲ့တာလို့ ပြောပါတယ်။

ရုံးအဆောက်အဦး မိုင်းကွဲမှုဖြစ်စဉ်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း PDF ဘက်ကပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ရုံးအဆောက်အဦး မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်ဘက်က တောင်စွန်း-ဘီးလင်းသွားကားလမ်းနဲ့ တောင်စွန်း-ကျိုက်ထိုသွားလမ်းတွေပေါ်မှာ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ဘီးလင်း-တောင်စွန်းသွားကားလမ်းဘေးက မြို့နယ်အခွန်ဦးစီးဌာနရုံး မိုင်းထောင်ဖောက်ခွဲခံရလို့ ရုံးအဆောက်ဦး ပြိုကျပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.