ဒီးမော့ဆို၊ ဇွန်(၂၀)

ကယားပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေါညေးခူကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေ နယ်မြေစွန့်ခွာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒေါညေးခူးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကား(၁၀)စီးနဲ့ ပြီးခဲ့တဲ့ ဇွန်လ (၁၄)ရက် နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တာပါ။

ပြန်လည်ဆုတ်ခွာသွားတဲ့တပ်ဟာ ဒေါတမကြီးကျေးရွာအုပ်စုထဲကို ပြီးခဲ့တဲ့ မေလ(၂) ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ဒေါညေးခူနဲ့ဒေါဆိုဖျကျေးရွာတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။

တပ်ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲက ပြန်လည်ဆုတ်ခွာသွားပေမယ့် မိုင်းတွေအများအပြား ထောင်ထားခဲ့တာရှိတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးဦးဗညားက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်က အခုလိုတပ်ဆုတ်သွားတာဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် စစ်ကူပေးဖို့သွားတာဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်၊ သံလွင်မြစ်အရှေ့ခြမ်းနဲ့ မိုးဗြဲမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က ပြည်သူ (၂) သိန်းခွဲကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အခြေခံစားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့နီးတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Kayan Generation Youthပုံစာ- ပထမအကြိမ်စစ်ကောင်စီတပ်ဆုတ်ခွာခဲ့စဉ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေါညေးခူ၌ တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.