မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ စစ်တပ်အာဏာသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ ရွှေနဲ့ဒေါ်လာဈေး တွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ တစ်ရက်အနည်းဆုံး လုပ်ခလစာဖြစ်တဲ့ ကျပ် ၄၈၀၀ ကနေ ထပ်တိုးမရသေးလို အာဏာသိမ်းကာလအတွင်း တရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ အနည်းဆုံးလုပ်ခလစာကြားမှာ ရပ်တည်ဖို့ မနည်းရုန်းကန်နေတာပါ။

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အနည်းဆုံးလုပ်ခလစာ ဘာကြောင့် မတိုးနိုင်တာလဲ။ အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့အလုပ်သမားတွေ အလုပ်ထုတ်ပယ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်နေပေမယ့် အခြေခံလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သာရရှိတဲ့အတွက် လက်လုပ်လက်စား အခြေခံလူတန်းစားတွေဖြစ်တဲ့ စက်ရုံလုပ်သားတွေက ဒီဒဏ်ကိုဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ကြုံတွေ့နေရတာရှိမလဲ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂နှစ်ကျော်ကြာလာတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေက အမျိုးအ စားပေါ်မူတည်ပြီးတော့ အဆမတန်မြင့်တက်လာတယ်။ အခြေခံလူတန်းစားတွေအနေနဲ့ နေ့စဉ်နေထိုင်စား သောက်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရတာကတော့အမှန်ပဲ။ တဖက်မှာလည်း စက်ရုံအလုပ်သ မားတွေဟာ လုပ်အားခေါင်းပုံဖြတ်ခံရတာတွေ အချိန်ပိုဆင်းနေရပြီးတော့မှ အချိန်ပိုကြေးမရတာတွေ အဓမ္မခိုင်း စေမှုတွေနဲ့ လုပ်ကိုင်နေကြရပြီး ရတဲ့လုပ်အားခကကျတော့ မပြောင်းလဲတဲ့လုပ်အားခနှုန်းထားနဲ့ လုံလောက်မှုမ ရှိပဲနဲ့ နေရေးစားရေးအတွက်ကို အင်မတန်မှ ခက်ခဲတယ်။ မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့်လည်း အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားအရေအတွက်ကလည်း ဒါသန်းနဲ့ချီရှိနေပြီပေါ့။ ကုလသမဂ္ဂလူသား ချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၇ ဒဿမ ၆သန်းဟာ ကုန် ဈေးနှုန်းကြီးမြင့်မှုအပါအဝင် အထွေထွေအကျပ်အတည်းကြောင့် အကူအညီတွေ လိုအပ်နေတယ်ဆိုတာ နှစ် ဆန်းပိုင်းမှာ ထုတ်ပြန်ထားတာ တွေ့ရတယ်။ လက်ရှိမပြောင်းလဲတဲ့ ၅နှစ်တာကာလဖြစ်တဲ့ အနည်းဆုံးလုပ် အားခရဲ့ ၅ဆလောက် မြင့်တက်နေတဲ့ ခေတ်ကာလကုန်ဈေးနှုန်းကြားမှာ ရိုက်ခတ်မှုဒဏ်တွေကို အလုပ်သ မားတွေဟာ မသေရုံတမယ် စားသောက်ပြီး ရှင်သန်နေကြရတယ်။

-၂၀၀၈ ခုနှစ်မှာ အတည်ပြုထားတဲ့ အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ် တစ်ကြိမ် သုံးသပ်ပြင်ဆင်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဒါပေမဲ့အာဏာယူထားတဲ့ စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေပေါ် ဘာကြောင့်လုပ်ခလစာ တိုးမြှင့်ဖို့ မလုပ်ဆောင်နိုင်ရတာလဲ၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါ သလဲ။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် မတ်လမှာ ပြဌာန်းခဲ့တာဖြစ်ပြီး ပြည်တွင်းအလုပ် သမား တွေအတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကို ၂၀၁၅ခုနှစ် ဇွန်လ(၁၉)ရက်နေ့မှာ သတ်မှတ်ပြဌာန်းခဲ့တာဖြစ်တယ်။ ပြဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေ အတွက်ပေါ့။ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်နိုင်ငံလုံး တပြေးညီတစ်နာရီကို ကျပ်(၄၅၀)နှုန်းနဲ့ အလုပ်ချိန်၈နာရီအတွက် တစ်ရက်ကို ၃၆၀၀ ပေးမယ်ပေါ့။ ပထမဆုံး သတ်မှတ်ပြဌာန်းခဲ့တာ ဖြစ်တယ်။

အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ပဲ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ကိုက်ညီစေဖို့ ၂နှစ်ကို တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာ ရေးဆွဲပြဌာန်းထားတယ်။ ၂၀၁၈ခုနှစ်မှာတော့ အနည်းဆုံးလုပ်ခ လစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ပြီးတော့မှ အလုပ်ချိန်၈နာရီစာ တစ်ရက်လုပ်အားခကျပ် ၄၈၀၀ အထိ ဒါတိုးမြှင့်ခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုရင် တစ်နှစ်လုပ်အားခ ၄၈၀၀ ကျပ်ကို မေ၁၄ရက် ၂၀၁၈မှာ ဒါသတ်မှတ်ပြဌာန်းခဲ့တာပေါ့။ အနည်းဆုံးလုပ်အားခ သတ်မှတ်ချက်ကို ၂နှစ်တစ်ကြိမ် ပြင်ဆင်သုံးသပ်ပြောင်း လဲဖို့ သတ်မှတ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ရှိတဲ့အလုပ်သမားတွေဟာ တစ်နေ့လုပ်အားခ (၄၈၀၀)ကျပ်နှုန်းဖြင့်သာ လက်ရှိလုပ်ကိုင်နေကြရတယ်။ အခုထိ မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်အားခမပြောင်း လဲတာဆိုရင် ၅နှစ်တာ ကာလနီးပါးကို ရောက်နေပြီဖြစ်တယ်။ နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ ပြီးတော့ အနည်းဆုံးလုပ်အားခ ၄၈၀၀ကျပ်ကို လျော့ပြီးတော့မှ အနည်းဆုံးလုပ်အားခနှုန်းထားကို မပေးဘဲနဲ့ လုပ်အားခ(၃၀၀၀)ကျပ်ကို လုပ်အားခေါင်းပုံဖြတ်ပြီးတော့မှ အမြတ်ထုတ်ခံရပြီးတော့မှ လုပ်ကိုင်နေရတဲ့ အလုပ်သမားများစွာလည်း ဒါရှိနေတယ်ပေါ့။ စစ်အာဏာရှင်တွေဆိုတာ ခေတ်အဆက်ဆက် သူတို့လူတစ်စုစာ အကျိုးအတွက်သာ သူတို့ကြည့်တယ်ပေါ့။ မည့်သည်စစ်အာဏာရှင်ကမှ လုပ်သားပြည်သူတွေအတွက် ကောင်းတဲ့အကျိုးပေးလုပ်ခဲ့တာမျိုး ဘာမှမရှိခဲ့ဘူး။ စစ်အာဏာရှင်တွေအနေနဲ့ ဒုက္ခပေးဖို့လောက်ပဲ လုပ် ဆောင်ခဲ့တာ ရှိတယ်။ အခုဆို အကြမ်းဖက်စစ်ကောင်စီကနေ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အနည်းဆုံး လုပ်အားခ ပြောင်းလဲဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို ဒီစက်ရုံထဲအထိ ဝင်ပြီးတော့ ဖမ်းဆီးတာတွေကို ဒီရက်ပိုင်းမှာဆို တောက်လျှောက် လုပ်နေပါတယ်။ ဒီစစ်အာဏာရှင်စနစ်ဆိုးမှာ ပြည်သူနဲ့ အလုပ်သမားတွေ ဘဝပြောင်းလဲဖို့ လုပ်ပေးနိုင်တာ ဘာကိုမှမရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီကြောင့်သာ သူတို့လုပ်ရပ်တွေကြောင့်သာ ပြည်သူတွေနဲ့ အလုပ်သမားတွေဟာ နေ့စဉ်ဒုက္ခတွေ သောကတွေ အပူမီးတွေကို ကျွန်မတို့ တိုင်းပြည်က ကြုံတွေ့ခံစားနေရတာ ဖြစ်ပါတယ်။

– အလုပ်သမားတွေရဲ့ အခြေခံအခကြေးငွေက တစ်ရက် ကျပ် ၄၈၀၀ ဆိုတော့ တက်လာနေတဲ့ ကုန်ဈေးနှုန်းပေါ် အခြေခံပြီး လက်ရှိအခြေအနေနဲ့ကိုက်ညီမယ့် အလုပ်သမားတစ်ဦးရဲ့ တစ်ရက် လုပ်ခလစာက ဘယ်လောက်အထိ တိုးမြှင့်ပေးမှ လောက်ငှနိုင်မလဲ၊ သုံးသပ်ပေးပါဦး။

မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်ပေမယ့်လည်း အနည်းဆုံးလုပ်အားခကတော့ ပြောင်းလဲမလာဘူးပေါ့။ ဒီအ လုပ်သမားတွေရဲ့ လုပ်အားတွေကိုတော့ ပိုပြီးတော့မှ ထုတ်ပေးရတာက နေ့စဉ်အဆမတန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ လက်ရှိ အလုပ်သမားတွေ တောင်းဆိုနေကြတဲ့ အနည်းဆုံးလုပ်အားခ နှုန်းထားသည် လက်ရှိကုန်ဈေးနှုန်းနဲ့က မျှတမှုမရှိသလို လောက်ငှမှုလည်းမရှိဘူးလို့ ပြောချင်တယ်။ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့တော့ အနည်းဆုံးလုပ် အားခပြောင်းလဲဖို့ကို ၂၀၂၀ခုနှစ်မှာ စပြီးတော့မှ အလုပ်သမားခုနှစ်ထောင်နီးပါးနဲ့ ကျွန်မတို့တွေ တောင်းဆိုခဲ့ ပါတယ်။ တောင်းဆိုချက်ကတော့ ခေတ်ကာလနဲ့ လျော်ညီသော၊ ဖူလုံသောလုပ်ခလစာရရှိရေး တောင်းဆို ချက်ဖြစ်တယ်။ ဆက်လက်ပြီးမှလည်း မေးဒေးတွေ ပြုလုပ်တိုင်းမှာ မေးဒေးအခမ်းအနားတိုင်းမှာ ဒီတောင်းဆို ချက်ကိုပဲ မေးဒေးတောင်းဆိုချက်အနေနဲ့ ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့ ထုတ်ပြန်တောင်းဆိုပါတယ်။ အဖွဲ့ချုပ် အနေနဲ့ ခေတ်ကာလကုန်ဈေးနှုန်းနဲ့ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်အားခနဲ့ လုံးဝမမျှတဘူး။ ဒါကြောင့် ခေတ်ကာလနဲ့လျော်ညီတဲ့ ဖူလုံသော လုပ်ခလစာရရှိရေးကို ကျွန်မတို့ တောက်လျှောက်တောင်းဆို နေတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ကတော့ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်အားခကို ခေတ်ကာလနဲ့ လျော် ညီသော၊ ဖူလုံသောလုပ်ခလစာ ရရှိတာမျိုးကို ဖြစ်စေချင်တယ်။ လက်ရှိကတော့ အနည်းဆုံးလုပ်အားခ အခြေအနေနဲ့ ပက်သက်ပြီး တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

-နောက်ဆုံးအနေနဲ့ စက်ရုံအလုပ်သမားတွေ လုပ်ခလစာတိုးတောင်းလို့ အလုပ်ရှင်/စက်ရုံပိုင်ရှင်တွေက အလုပ်ကနေ ထုတ်ပယ်နေတာတွေလည်း ရှိနေတယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး မြေပြင်မှာ ဘယ်လိုတွေ ဖြစ်ပေါ်နေလဲ။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့က စစ်ကောင်စီနဲ့ ပူးပေါင်း ပြီးတော့မှ အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေ အဆိုးဆုံးအခြေအနေကို လုပ်ဆောင်ပြီးတော့မှ ဖြစ်လာနေတယ်။ လက်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အနည်းဆုံး လုပ်အားခ လစာပြောင်းလဲဖို့ကို အလုပ်သမားတွေ တောင်းဆိုမှုတွေ လုပ်နေကြတာကို ကျွန်မတို့ ဒီလ၅လပိုင်း ကစပြီး ဒီ၆လပိုင်း အခုချိန်ထိကို တွေ့နေရပါတယ်။ ကြားလည်းကြားနေရတယ်။ မြင်လည်းမြင်နေရပါတယ်။

ဒီလုပ်ငန်းရှင်တွေကလည်း စစ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီးတော့ အပြစ်မဲ့အလုပ်သမားတွေကိုအလုပ် ထုတ်တာတွေ၊ အဓမ္မအလုပ်ခိုင်းစေတာတွေ ဖိအားပေးခြိမ်းခြောက်ခြင်းတွေကိုလည်း ပုံသဏ္ဍာန်မျိုးစုံနဲ့ ချိုး ဖောက်မှု မျိုးစုံနဲ့လည်း ဆက်တိုက်လုပ်ဆောင်နေတယ်။ ဒီအဆိုးဆုံးအခြေအနေတွေကတော့ လုပ်ငန်းခွင်တွေ မှာပေါ့။ စစ်ကောင်စီကနေပြီး အလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အလုပ်သမားတွေ သမဂ္ဂတွေကို ဖမ်းဆီးတာတွေ ဖြစ်တယ်ပေါ့။ အခုဆိုရင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုနဲ့ အနည်းဆုံးလုပ်အားခ ပြောင်းလဲဖို့ တောင်းဆိုနေတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အကြမ်းဖက်စစ်ကောင်စီကနေပြီး လုပ်ငန်းခွင်ထဲအထိ ဝင် ရောက်ဖမ်းဆီးတာတွေကြောင့် အခုဒီရက်ပိုင်းမှာဆိုရင် စက်ရုံနှစ်ရုံမှာ အလုပ်သမားခေါင်းဆောင် ၃ဦး ထက်မ နည်း အဖမ်းခံထားရတယ်။ အခြားအလုပ်သမားခေါင်းဆောင်တွေ ဆိုရင်လည်း အလုပ်ထုတ်ခံရတာတွေ ရှိနေ တယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ရှောင်ကြရတဲ့အတွက် အလုပ်ပြုတ်သွားရတဲ့ အလုပ်သမားတွေက ဒီရက်ပိုင်းမှာပဲ ၁၅ဦးအထက်မှာ ရှိနေတယ်။ လုပ်ငန်းခွင်ထဲအထိ လုပ်ကိုင်နေတဲ့ အလုပ် သမားတွေကို အလွယ်တကူ ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးနေခြင်းသည် အာဏာရှင်နဲ့ ပူးပေါင်း ပြီးတော့မှ အလုပ်ရှင်တွေရဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်း ဖြစ်တယ်။

ဒီလိုချိုးဖောက်မှုတွေကို ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့ လုံးဝ လက်မခံပါဘူး။ ဒီလိုလက်မခံလို့လည်း ကျွန်မတို့က စစ်အာဏာရှင်ကို ရန်ကုန်မှာဆိုရင် အစောဆုံးအလုပ်သမားထုနဲ့ ကျွန်မတို့ ဆန့်ကျင်တော်လှန်ခဲ့တာ ဖြစ်တယ်။ အလုပ်သမားတွေအတွက် အခွင့်အရေး၊ ပြည်သူတွေအတွက် အခွင့်အရေးကို စစ်အာဏာရှင် အမြစ်ပြတ်ရေး အတွက် ကျွန်မတို့က အဆုံးထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.