စေတုတ္တရာ – ဇွန်(၂၀)

မကွေးတိုင်း၊စေတုတ္တရာမြို့နယ် တပွင်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သလို ပျူစောထီး(၂) ဦးကိုလည်း လက်ရဖမ်းဆီးနိုင်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ ခ.လ.ရ-၂၅၃၊၂၅၄၊၂၅၅ နဲ့ က.ပ.စ-၂၀ တို့ရဲ့ အင်အား(၄၀) နဲ့ တပ်စွဲထားတဲ့ တပွင်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူး ခရိုင်၊တပ်ရင်း-၃ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တဲ့အတွက် ကျန်ရှိနေ တဲ့ ပျူစောထီး(၂) ဦးအပြင် ဆိုင်ကယ်(၁) စီးနဲ့ ရိက္ခာအနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် တပွင်ရွာရဲစခန်းကို PDF တပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF(စစ်ရုံးချုပ်) က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.