တနင်္သာရီ၊ ဇွန်(၂၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောနဲ့သမီးလှကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၁) ပူးပေါင်းစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာပါ။

ဇွန် ၁၇ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲ တစ်နေ့ကုန်နီးပါးအကြာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ၂ ဦးထက်မနည်းထိခိုက်သေဆုံးထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိထားပါတယ်။

ဒါ့အပြင် ဇွန် ၁၈ ရက်နေ့နဲ့ ၁၉ ရက်တို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ တနင်္သာရီတိုင်း(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်၊ ကျွဲထိန်းကုန်းရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ နီးပါး ဖြစ်ပွားထားပြီး တိုက်ပွဲတွေကြောင့် ပြည်သူလူထု ၃၄,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသအခြေစိုက် သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.