ကော့ကရိတ်၊ ဇွန်(၂၀)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသတွင်းနေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ အမြဲလိုစိုးရိမ်ထိတ်လန့်နေရပြီး လုပ်ကိုင်စားသောက်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကော့ကရိတ်ဒေသခံတွေက ပြောဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ အမြဲလိုလိုလုပ်ဆောင်နေတာပါ။

ဒီလိုစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်အတွင်း နေထိုင်တဲ့ ဒေ သခံပြည်သူတွေဟာ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရတာတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ကော့ကရိတ်မြို့နယ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စိုက်ပျိုးဖို့ အခက်ကြုံလာရသလို ရိတ်သိမ်းကာလမှာလည်း လက်နက်ကြီး အန္တရာယ်ကြောင့် လုပ်ငန်းတွေဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတာပါ။

ကရင်လူ့အခွင့်အရေး KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုတွေ ရပ်တည်ဖို့ခက်ခဲလာပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတာလို့ ဝေဖန်တာပါ။

“စစ်ကောင်စီတွေရဲ့ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးသလိုမျိုးပဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးကြရတယ်။ ဒါ့အပြင် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေ၊ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးရတယ်ပေါ့နော်။ အဆိုးဆုံးကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အိုးအိမ်စည်းစိမ်တွေအများကြီး ထိခိုက်ပျက်စီးဆုံးရှုံးသလိုမျိုးပဲ ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေကလည်း လုံးဝကိုပျက်စီးသွားတာပေါ့နော်။ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒါတမင်သက်သက် ဘာမှမဆိုင်တဲ့အရာတွေ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့လက်နက်ကိုင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားတိုက်ခိုက်တာမျိုးမဟုတ်ဘူးပေါ့နော်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုတွေကို ချိုးဖောက်ရာရောက်သလိုမျိုးပဲ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်ခင်ဗျ” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာသလို အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက် လူငယ်တွေအများစုဟာ ထိုင်းနိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေသာမက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ထောက်လှမ်းမှုတွေ မကြာခဏလုပ်ဆောင်နေတဲ့အတွက် ဒေသတွင်းရှိ လူငယ်ကျောင်းသားတွေမှာလည်း ပညာသင်ကြားရာမှာ စိုးရိမ်မှုများစွာရှိနေတယ်လို့လည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းဆရာတစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့ကလည်း KNU ကော့ကရိတ်မြို့နယ် ဆံဖလားကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျေးရွာအတွင်းက စာသင်ကျောင်းအပါအဝင် နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ရပြီး စာသင်ကျောင်းလည်း ခေတ္တပိတ်ထားခဲ့ရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမှာ နယ်စပ်မြို့ မြဝတီမြို့ပြီးရင် အဓိကကျတဲ့ မြို့နယ်တစ်ခုဖြစ်ပေမယ့် အာဏာသိမ်းကာလအတွင်း ဒေသခံတွေဟာ ဘက်ပေါင်းစုံအကျပ်အတည်းတွေကို ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.