This picture shows a vacant chair for the Myanmar delegation during the Association of Southeast Asian Nations (ASEAN) Foreign Ministers' meeting in Labuan Bajo on May 9, 2023. (Photo by MAST IRHAM / POOL / AFP)

ဘန်ကောက်၊ ဇွန်(၂၀)

ကန့်ကွက်မှုတွေရှိနေပေမယ့် ထိုင်းနိုင်ငံကဦးဆောင်ပြီး စစ်ကောင်စီအပါအဝင် ဒေသတွင်းအာဆီယံနိုင်ငံတချို့တက်ရောက်မယ့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဇွန် ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ထိုင်းအနေနဲ့ အရင်ကမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေကို ပုံစံမျိုးစုံနဲ့ကျင်းပခဲ့ပြီး ဒါဟာ တတိယမြောက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲဖြစ်ကာ လာအို၊ ကမ္ဘောဒီးယား၊မြန်မာ၊အိန္ဒိယ၊တရုတ်၊ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ရှိနေတာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံမူဘောင်အတွင်း မကျင်းပနိုင်ပေမယ့် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့ ရည်ရွယ်တယ်လို့ ထိုင်းနိုင်ငံခြားရေးရာဌာနရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်စိုးက Track 1.5 Dialogue နဲ့ စစ်တပ်ကိုတွေ့ဆုံဆွေးနွေးလိုက်ရင် တစ်ဖက်တစ်လမ်းကနေ အသိအမှတ်ပြုပေးသလိုဖြစ်မှာစိုးတဲ့ နိုင်ငံတွေရှိနေပြီး အာဆီယံဒေသတွင်း စီးပွားရေးစီမံကိန်းတွေပါဝင်နေတဲ့ တရုတ်ရဲ့စေ့ဆော်မှုလည်း ပါဝင်တယ်လို့ သုံးသပ်ပါတယ်။

“Track 1.5 နဲ့ စစ်တပ်ကို တွေ့ဆုံဆွေးနွေးလိုက်ပြီဆိုရင် သူ့ရဲ့ တရားဝင်မှုကို တစ်နည်းတစ်ဖုံ တစ်ဖက်တစ်လမ်းကနေ အသိအမှတ်ပြုပေးလိုက်တဲ့ သဘောဖြစ်သွားမှာ စိုးရိမ်ကြတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ သဘောထားကွဲလွဲနေတယ်ဆိုတာ တွေ့ရတယ်။ ထိုင်းရဲ့ကြိုးစားမှုကျတော့ ထိုင်းနဲ့တရုတ် အထူးသဖြင့် ကုန်သွယ်မှုစီးပွားရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနဲ့တရုတ်ကြား ညှိနှိုင်းစေ့စပ်မှုတွေရှိတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးတော့သွားရမယ့် ထိုင်း၊ တရုတ်၊ မြန်မာ ပိုးလမ်းမစီမံကိန်းနဲ့ပတ်သက်ပြီး ထိစပ်မှုတွေရှိနေတဲ့အတွက် ပူးပေါင်းလုပ်ပြီး တရုတ်ရဲ့နဂိုစီးပွားရေးဘက်ကို အကောင်အထည်ဖော်ဖို့ အခုကအကောင်အထည်မဖော်နိုင်တာလည်း နည်းနည်းကြာပြီဆိုတဲ့ သဘောရှိတယ်။ နောက်တစ်ခါ တရုတ်ရဲ့စီမံကိန်းက အာဆီယံပေါင်းစပ်စီးပွားရေး တစ်စိတ်တစ်ပိုင်းပတ်သက်နေတဲ့အတွက် တရုတ်ရဲ့စေ့ဆော်မှုတွေလည်းပါတယ်လို့ အခုချိန်မှာသုံးသပ်တဲ့သူလည်းရှိတယ်”လို့ သူကဆိုပါ တယ်။

မြန်မာ့အရေးဆိုင်ရာ Track 1.5 Dialogue ဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံက မတ်လမှာပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ အိန္ဒိယနိုင်ငံက ဧပြီလမှာ ပြန်လည်ကျင်းပကာ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နဲ့ အာဆီယံနိုင်ငံတချို့က အဆင်မြင့်အရာရှိတွေနဲ့ တတ်သိပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိကျင်းပနေတဲ့ မြန်မာ့အရေးဆိုင်ရာ Track 1.5 Dialogue အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ကြတာပါ။

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ထိုင်းဦးဆောင်တဲ့ မြန်မာ့အရေးဆိုင်ရာ Track 1.5 Dialogue အလွတ်သဘောဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဇွန် ၁၉ ရက်နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အဲဒီဆွေးနွေးပွဲကို ဇွန် ၁၈ နဲ့ ၁၉ ရက်နေ့တို့မှာ ကျင်းပဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မြန်မာဘက်က စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်း သုံးရာကျော်က ကန့်ကွက်ခဲ့ကြတာပါ။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုရဲကတော့ ဒီလိုမျိုးဆွေးနွေးပွဲတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တော်လှန်ရေးကို ပိုပြီးကောင်းလာစေဖို့ တစ်စုံတစ်ရာ သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့အခုလိုမျိုး ဆွေးနွေးပွဲတွေပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျွန်တော်တို့ အခုလက်ရှိတော်လှန်ရေးနဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေကို ပိုပြီးကောင်းလာစေဖို့ဖြစ်စေ တစ်စုံတစ်ရာ သက်ရောက်မှုရှိမလားဖြစ်စေမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆို အာဆီယံကိုယ်တိုင် ဒါမျိုးလက်မခံဘူး။ အခုလိုလုပ်ရပ်တွေ အာဆီယံရော နိုင်ငံတကာက ကြိုးပမ်းနေတဲ့ မြန်မာ့အရေးကောင်းရာကောင်းကြောင်းရောက်ဖို့ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ အိမ်နီချင်းတရုတ်နဲ့အိန္ဒိယတို့ အလွတ်သဘောဆွေးနွေးပွဲကို လာရောက်ပြီး စစ်အုပ်စုကို နိုင်ငံရေးအရ ပေါ်ပေါ်တင်တင်ထောက်ခံနေတဲ့အပေါ် မြန်မာပြည်သူတွေအနေနဲ့ ခွင့်လွှတ်မှာမဟုတ်တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို အဲဒီနိုင်ငံတွေ ခံစားရမှာဖြစ်တယ်လို့ ကိုရဲကဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းမှာလည်း ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ထိုင်းနိုင်ငံမှာ အလွတ်သဘော ဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်တဲ့တွေထဲက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး မြန်မာ့အရေးဖြေရှင်းရာမှာ ရေရာတဲ့ရလဒ်ထွက်မလာခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- BRT News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.