ခရီးသွားအကြောင်းတွေကို ရေးသားဖော်ပြပေးနေတဲ့ နော်ထိုက်ထိုက်ထွန်းကို လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေနေအပါအဝင် ခရီးသွားလာမှု အခြေနေတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

Travel By Naw Htike ဖြစ်လာရတဲ့အကြောင်းလေးနဲ့ အစ်မကို ပြည်သူနဲ့မိတ်ဆက်ပေးပါဦး။

ဟုတ်ကဲ့မင်္ဂလာပါရှင် ကျွန်မကတော့ Travel By Naw Htike ဖြစ်ပါတယ်။ Travel Blogger လို့လူသိများပါတယ်။ ၂၀၁၆ ကနေစပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ခရီးသွားလို့ကောင်းတဲ့ နေရာတွေကိုသွားပြီးတော့ စရေးပြီးတော့Travel Blogging စလုပ်ခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ နိုင်ငံတကာခရီးသွားအကြောင်းတွေ နိုင်ငံတွေအကြောင်းတွေကို စပြီးတော့ရေးဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ကနေစရေးဖြစ်ခဲ့တာ ၂၀၂၃ ခုနှစ်ဆို ခုနှစ်နှစ်အထိရှိပါပြီ။

တော်လှန်ရေးမှာကိုယ်တိုင်ပါဝင်နေသူလို့သိရပါတယ်။ ဘယ်လိုပါဝင်ဖြစ်တာလဲဗျ။

ဒီတော်လှန်ရေးမှာပါဝင်ဖြစ်တယ်ဆိုတာကလည်း ကိုယ်ကိုယ်တိုင်ကလည်း ဝရမ်းထုတ်ခံထားရသူဖြစ်တယ်။ နောက်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်တော့ရဲဘော်ကလေးတွေ စစ်ရှောင်ကလေးတွေရဲ့ဘဝတွေကိုလက်တွေ့မြင်ရသူလည်းဖြစ်တယ်။သူတို့နဲ့တသားတည်း​ဖြစ်သွားတော့လိုအပ်တာတွေကိုလည်း ငြင်းဆန်နိုင်ဖို့ မသိချင်ယောင်ဆောင်ဖို့ခွန်အားမရှိဘူးပေါ့နော်။ သူတို့ဘာလိုအပ်တာလဲ ကိုယ်ဘာလုပ်နိုင်လဲဆိုတော့ Travel By Naw Htike ဆိုတဲ့ နာမည်နဲ့ လူသိများမှုကိုအသုံးချပြီးတော့ Fundraising လုပ်ပေးတယ်။အများငွေကိုစုပေးတယ်။အဲဒီကနေမှ မြေပြင်အဖွဲ့လေးတွေ စစ်ရှောင်အဖွဲ့လေးတွေဆီထပ်ဖြန့်ပေးတယ်ပေါ့နော်။

Fundraising ပိုင်းတွေလုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။ တော်လှန်ရေးကာလကြာမြင့်လာတဲ့အခါမှာ ဘယ်လိုပြောင်းလဲမှုတွေရှိလာလဲခင်ဗျ။

လက်နက်ကိုင်တော်လှန်ရေးအစမှာတော့လူထုပါဝင်မှုကများတော့ တစ်လ တစ်လကို သိန်းတစ်ထောင်ကျော်ရပေမဲ့ စစ်ကောင်စီအလိုကျ ကမ္ဘောဇဘဏ်ရဲ့အကောင့်တွေပိတ်တာနဲ့အတူ လျော့ကျလာတယ်။ တစ်လကို သိန်းတစ်ရာကျော်လောက်ပဲရပြီးတော့ 10percent လောက်ပဲကျန်တော့တာပေါ့နော်။

 မြန်မာနိုင်ငံရဲ့လက်ရှိခရီးသွားအခြေနေကိုသုံးသပ်ပေးပါဦး မြန်မာနိုင်ငံရဲ့လက်ရှိခရီးသွားအခြေနေကို သုံးသပ်ရရင်တော့အရမ်းကို ရယ်ချင်တယ်ပေါ့နော်။

ကိုယ်တိုင်လည်း Blogger ဖြစ်ခဲ့တော့အရမ်းကွာသွားတာသိတယ်လေနော်။အမေစုNLD လက်ထက်မှာဆိုရင် ပိတ်ရက်ဆိုရင် ဟိုတယ်တွေအပြည့်ပေါ့နော် လူကြိးကော လူငယ်တွေကော တစ်နိုင်ငံလုံးကြိုက်တဲ့နေရာသွား မြန်မာနိုင်ငံရဲ့ Tourism ကလည်းအရမ်းကိုထောင်တက်နေတာ။အရမ်းကိုတိုးတက်နေတာ။ အဲလိုအနေအထားကနေ ခုကတော့ သွားလို့ရတဲ့နေရာရှာသွားပြီ။

လက်ရှိခရီးသွားနေတဲ့သူတွေလည်းရှိပါတယ်။ဘယ်လိုအကြံပြုချင်ပါသလဲခင်ဗျ။

 တစ်နိုင်ငံလုံးကစစ်ဖြစ်နေတဲ့အခါကျတော့ ခရီးသွားလို့ကိုမရသင့်ဘူး။ မသွားသင့်ဘူး။ မြေပြင်မှာသွားလို့ရှိရင် စစ်တပ်ဘက်က ဓားစာခံလည်းဖြစ်သွားနိုင်သလို ကိုယ့်ဘက်ကပြည်သူ့တပ်သားလေးတွေလည်း လုပ်ရကိုင်ရခက်တာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အရင်ခေတ်ကတော့ တစ်နိုင်ငံလုံးသွားလို့ရပေမဲ့ ခုကဘယ်ကိုမှသွားလို့မရနိုင်ဘူး။ ပြည်တွင်းကသူတွေကလည်း စိတ်အပန်းဖြေလို့ဖြေညားသွားနေပေမဲ့ အန္တရာယ်များတယ်လို့ သုံးသပ်ပါတယ်။

နွေဦးတော်လှန်ရေးကို Travel By Naw Htike အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲခင်ဗျ။ နွေဦးတော်လှန်ရေးကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေစကြည့်မယ်ဆိုရင် တော်တော်လေးကိုရှေ့ရောက်လာပြီလို့သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နွေဦးတော်လှန်ရေးအစမှာ ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတယ်။ အတိုအရှည် ဗုံးစံမပြောနဲ့ တုတ်အရှည် ဓားတစ်လက်တောင်ကိုင်ဆောင်ခဲ့ကြတာမဟုတ်ဘူး။ အဲဒီအခြေနေမှာစစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်တယ်။ အဲဒီကနေမှ စလာလိုက်တာ CDM တွေလုပ်တယ်ကနေစလာလိုက်တာ ခုဆိုရင်ကိုယ်ပိုင်တပ်ဖွဲ့တွေ၊ တပ်စုတွေ NUG ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တပ်ပေါင်းစုတွေဖြစ်လာပြီပေါ့နော်။ ပြီးတော့ Fundraising ပိုင်းတွေကောအများကြီး​ဖြစ်လာတဲ့ အနေအထားမှာ စစ်အာဏာရှင်ကို ခြိမ်းခြောက်ထားနိုင်ပြီပေါ့။ တချို့နေရာတွေမှာလည်းနယ်မြေစိုးမိုးမှုတွေရှိနေပြီဆိုတော့ အများကြီးရှေ့ဆက်လာပြီလို့ သုံးသပ်ရပါတယ်။

ဖြည့်စွက်ပြောချင်တာလေးများရှိမလားခင်ဗျ။

အများကြီးရှေ့ရောက်လာသည့်တိုင် ပေးဆပ်မှုတွေကလည်း အများကြီးရှိခဲ့ပါတယ်။ နိုင်ငံရဲ့ သွေးသားလေးတွေဖြစ်တဲ့ လူငယ်လေးတွေရဲ့အသက်တွေအများကြီးပေးဆပ်ရတယ်၊ အများကြီးအဖမ်းခံရတယ်။ အညာ မကွေးစစ်ကိုင်းဘက်မှာဆိုလို့ရှိရင် အိမ်တွေအများကြီးမီးရှို့ခံရတယ်။ပေးဆပ်မှုတွေလည်းကြီးမားပါတယ်။ ဒါကြောင့်နောက်ဆုတ်ဖို့တော့မရှိဘူးလို့ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.