ရန်ကုန် – ဇွန်(၁၉)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ပြဿနာတွေကို ဖြေရှင်းရာ မှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ(၁၉) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့မှာ ထုတ်ပြန်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတစ်ရပ်လုံး ချစ်ခင်မြတ်နိုးမှု၊ယုံကြည်အားကိုးမှုတို့ကြောင့် လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို အနိုင်ရပါတီခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်သလို စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေး လမ်းစရရှိနိုင်မှာ မဟုတ်ဘူးလို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေး စတင်ကြိုးပမ်းချိန်ကစပြီး (၁၅) နှစ်ကျော် ဖမ်းဆီးခံထားရသလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာလည်း ဖမ်းဆီး အကျဉ်းချခံထားရတာ (၂) နှစ်ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက်မွေးနေ့ကို ကမ္ဘာတလွှားမှာ ကျင်းပပြီး လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့သပေးကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျေးဇူးအထူးတင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.