မိုးဗြဲ၊ ဇွန်(၁၈)

စစ်ကောင်စီတပ်ရဲ့အပြင်းအထန် ထိုးစစ်ဆင်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်က မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ပြည်သူတွေဟာ မြို့ကိုစတင်စွန့်ခွာနေကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်စပြီး အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မိုးဗြဲမြို့ခံတွေဟာ အရင်ကပြေးစရာမြေမရှိလို့ မြို့ပေါ်မှာ ဆက်နေရာကနေ ဒီရက်ပိုင်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် မဖြစ်မနေမြို့ကိုစွန့်ခွာနေရတာပါ။

မိုးဗြဲမြို့ပေါ်မှာ PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က လက်နက် ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေသလို မြို့ဝင်မြို့ထွက်တွေကိုလည်း ပိတ်ဆို့ထားပေမယ့် ဒေသခံ (၃) သောင်းကျော်ဟာ မြို့ကနေ အရဲစွန့်ပြီး ထွက်ပြေးနေရတာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြို့ကိုစွန့်ခွာထွက်ပြေးနေတဲ့ ပြည်သူတွေဟာ ကယားပြည်နယ်ထဲက စစ်ရှောင်စခန်းတွေကို အရေအတွက် အနည်းငယ်သာ ရောက်ရှိလာပြီး အများစုဟာ ရှမ်းပြည်နယ်ဘက်ကို တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နေပြည်တော်နဲ့နီးတဲ့ ကယားပြည်နယ်ကိုထိန်းချုပ်ဖို့နဲ့ သူတို့ရဲ့ မြေပြင်တပ်စခန်းတွေကို ရိက္ခာပို့ဆောင်ပေးနိုင်ဖို့အတွက် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ထိန်းချုပ်နိုင်အောင် ပြင်းပြင်းထန်ထန် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

၂ ပတ်ကျော်ကြာလာပြီးဖြစ်တဲ့ မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့တဲ့ လက် နက်ကြီးတွေအပြင် မြေပြင်စစ်ကြောင်းတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးထားပြီး ပျောက်ဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လူဦးရေ(၃) သိန်းကျော်သာနေထိုင်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် ပြည်သူ (၂)သိန်းခွဲကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မိုးဗြဲစစ်ဘေးရှောင်ကော်မတီ(မိုးဗြဲစစ်ဘေးရှောင်ပြည်သူများ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.