ပုလော၊ ဇွန်(၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ပဝတ်ကုန်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေ ခရီးသွားယာဉ်တွေကို စစ်ဆေးမှုပြုလုပ်နေချိန် စစ်ကောင်စီတပ်ကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန် ၁၀ မိနစ်ကျော်သာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်တင်ကား မောင်းနှင်းလာတဲ့ အသက် ၄၀ အရွယ် ကိုဝဏ္ဏတိုး တနင်္သာရီမြို့နယ်နေသူဟာ အခင်းဖြစ်ရာနေရာမှာပဲ ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ဒေသခံကိုတော့ မိသားစုဝင်က လာရောက်ကောက်ယူသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ပုလောမြို့ပေါ်ဘက်ကို ကားနဲ့မောင်းပြေးသွားပြီး ပစ်ခတ်မှုမှာ တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညားထားတဲ့ ပုလောမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က နယ်မြေတချို့ကို လက်လွှတ်ထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ပုလောလမ်းပိုင်းမှာ ခရီးသွားယာဉ်တွေကို ဒေသ PDF စစ်ဆေးနေစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.