ထီးလင်း – ဇွန်(၁၈)

မကွေးတိုင်း၊ထီးလင်းမြို့နယ်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ PDF ရဲဘော်နှစ်ဦးရဲ့ စျာပန အခမ်းအနားကို ဇွန်လ(၁၇) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ Yaw Revolution Army (ထီးလင်း) ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အန်းတွဲဘုရားကုန်း အနီးတိုက်ပွဲမှာ Yaw Revolution Army (ထီးလင်း) ရဲ့ တပ်စုမှူးဝေယံလင်းနဲ့ တပ်သား ဝင်းကိုနိုင်တို့ ကျဆုံးခဲ့ရတာပါ။

ထီးလင်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အင်အား (၁၅၀) နီးပါးပါဝင်တဲ့ စစ်ကြောင်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲမှာ Yaw Revolution Army (ထီးလင်း) ရဲ့ ရဲဘော်တစ်ဦးကို M4 သေနတ် တစ်လက်နဲ့အတူ စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို နှမြောတသ ဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါတယ်လို့ Yaw Revolution Army (ထီးလင်း) ကဆိုထားပါတယ်။

Yaw Revolution Army (ထီးလင်း)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇) ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Yaw Revolution Army

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.