ရန်ကုန်၊ ဇွန်(၁၈)
တိုင်းပြည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း တရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ အနည်းဆုံးလုပ်ခလစာကြား စက်ရုံအလုပ်သမားတွေ မသေရုံတမယ် ရှင်သန်နေကြရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ အထွေထွေကုန်ဈေးနှုန်းတွေ၊ ရွှေနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပေမယ့် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဟာ တိုးမလာခဲ့ပါဘူး။
အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက်ကျပ် ၄၈၀၀ ဟာ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းရည်ညွှန်းဈေး အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၂၁၀၀ ကျပ်နဲ့ တွက်ရင်တောင် နှစ်ဒေါ်လာကျော်လောက်သာ ရှိနေတာပါ။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုအတွင်းက အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေတက်ပေမယ့် လစာတိုးမလာတဲ့အပြင် အဆောင်ငှားစရိတ်နဲ့မီတာခတွေမှာ ဈေးကြီးနေတာကြောင့် လုံးဝအဆင်မပြေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကုန်ဈေးနှုန်းတွေတက်နေတာနဲ့ ရတဲ့လခက လုံးဝကိုအဆင်မပြေဘူး။ ရတဲ့လစာက ၂ သိန်းကျော်လောက်ရတယ်၊ စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတက်တာနဲ့ အဆောင်ခတွေ ဈေးကြီးတာတွေနဲ့ လုံးဝကို အဆင်မပြေတာတော့ အမှန်ပဲရှင့်။ လစာတွေက မတိုးသေးဘူး၊ အဆောင်ခတွေက တိုးနေတယ်၊ အရင်တုန်းကဆိုရင် မီတာခကို အဆောင်ရှင်တွေကပဲ ဆောင်ပေးတာလေ။ အခုက မီတာခတွေ ဘာတွေအစ ကိုယ်တိုင်ဆောင်ရတယ်။ အဲဒီလို ဈေးနှုန်းကအမျိုးမျိုးပဲ ကြီးနေတာပေါ့”လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ အထည်ချုပ်စက်ရုံမှာ တစ်လလုံးအချိန်ပိုဆင်းရတဲ့ရက်တွေရှိမှသာ တစ်လကိုကျပ်နှစ်သိန်းခွဲ ရရှိပေမယ့် ကြီးမြင့်လာနေတဲ့ အထွေထွေကုန်ဈေးနှုန်းနဲ့ အဆောင်စရိတ်တွေပေါ်မှာတော့ လောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။
စက်ရုံ၊အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အချိန်ပိုမဆင်းရဘဲ တစ်လကို ပုံမှန်လစာအဖြစ် သုံးသိန်းကျော်ရရှိမှသာ မပိုလျှံပေမယ့် လောက်လောက်ငှငှ ရှိလိမ့်မယ်လို့ အထည်ချုပ်စက်ရုံအလုပ်သမားက တောင်းဆိုပါတယ်။
ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြန်မာနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အလုပ်သမားတွေကို အခြေခံလစာတိုးပေးဖို့ စက်ရုံရဲ့ ဝင်ငွေပေါ်မူတည်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အလုပ်သမားတွေ ခက်ခဲနေကြတာတော့ အခြေခံကုန်ဈေးနှုန်းနဲ့က သူတို့လစာနဲ့ မလောက်ကြဘူးဆိုတာ ကျွန်တော်တို့လည်း သိကြပါတယ်။ ဒါပေမယ့် အခြေခံလစာတိုးဖို့၊ မတိုးဖို့ ကိစ္စကျတော့ စက်ရုံရဲ့ ဝင်ငွေပေါ်မူတည်တာပဲ။ ဝင်ငွေမကောင်းဘူးဆို မတိုးပေးနိုင်ကြဘူးပေါ့။ တချို့ စက်ရုံတွေက ဝင်ငွေကောင်းတာပေါ့ဗျာ၊ နိုင်ငံခြားကုမ္ပဏီတွေက တိုးပေးနိုင်တာပေါ့၊ ပြည်တွင်းကုမ္ပဏီတွေက မတိုးပေးနိုင်ကြသေးဘူး။ ဘာကြောင့်လဲဆို အခုဒေါ်လာဈေးနဲ့ ကုန်ဈေးနှုန်းနဲ့ အဲဒီလိုအခက်အခဲလေးတွေရှိတယ်”လို့ သူက ဆိုပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေဟာ လျှပ်စစ်မီးကို အဓိကအားထားပြီး လည်ပတ်နေရပေမယ့် စစ်တပ်အာဏာ သိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးအချိန်ပြည့်မရရှိတာကြောင့် စက်သုံးဆီနဲ့ လည်ပတ်နေကြရတယ်လို့ စက်ရုံတာဝန်ရှိသူတွေထံ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ စက်သုံးဆီကို ထိန်းချုပ်ထားတာကြောင့် လွတ်လပ်မှုမရှိဘဲ စက်ရုံတွေဘက်က လိုအပ်တဲ့ ဆီပမာဏကို စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ စာတင်ပြီး ခွင့်ပြုချက်ကျလာမှသာ ဝယ်ယူခွင့်ရရှိပေမယ့် လိုချင်တဲ့အတိုင်းအတာ မရရှိနေဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် မတ်လမှာပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်မှာ ပြဌာန်းခဲ့တာပါ။
အဲဒီဥပဒေမှာ နှစ်နှစ်တကြိမ် သုံးသပ်ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့ကြောင် အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၅ ခုနှစ် စက်တင်ဘာမှာ ပထမဦးဆုံးကြိမ်အဖြစ် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နာရီမှာ ၄၅၀ ကျပ်နှုန်းနဲ့ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ၃၆၀၀ ကျပ် သတ်မှတ်ခဲ့တာပါ။
အဲဒီကနေတဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် မေလမှာတော့ အနည်းဆုံးအခကြေးငွေနှုန်းထားကို တစ်ရက် ၄၈၀၀ ကျပ်အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တကြိမ် ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီကနေ့အထိ မပြင်ဆင်နိုင်သေးဘဲ ၅ နှစ်အတွင်း တစ်ရက် ၄၈၀၀ ကျပ်မှာသာ ခရီးဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ အနည်းဆုံးအခကြေးငွေ ပြောင်းလဲဖို့ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ အစိုးရတို့ သုံးပွင့်ဆိုင် ညှိနှိုင်းရမှာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာ အလုပ် သမားကိုယ်စားလှယ်မရှိနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ (စကစ) အနေနဲ့ ပြောမှာပေါ့။ ၂၀၂၀ မှာ လုပ်ခလစာတိုးရမှာပေါ့။၂၀၂၀ မှာ အနည်းဆုံးလုပ်ခလစာ မပြောင်းလဲနိုင်ခဲ့ဘူး။ အဲဒီတော့ သုံးပွင့်ဆိုင် (အလုပ်ရှင်၊အလုပ်သမား၊အစိုးရ) ရှိနေတဲ့အချိန်မှာတောင်မှ အနည်းဆုံးလုပ်ခလစာ မပြောင်းလဲနိုင်ခဲ့တာပေါ့။ သူတို့အနေနဲ့လုပ်ဖို့ဆိုတာ ခက်ခဲတယ်လို့ သူတို့ကဆင်ခြေပေးမှာပေါ့။ အမှန်တကယ်လည်း ဒါကဟုတ်ပါတယ်၊ သုံးပွင့်ဆိုင်မှာ ကြေကြေလည်လည်ညှိရမှာ။ ဒီဘက်မှာ အလုပ်သမားကော်မတီ/အလုပ်သမားကိုယ်စားလှယ်အဖြစ် သုံးပွင့် ဆိုင်မှာ ထိုင်မယ့်လူမရှိနေဘူး။ အဲဒီတော့ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်ဖို့ ပြောင်းလဲဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လမှာ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ၊ အလုပ်ရှင်က အလုပ်ဖြုတ်တာတွေ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်ကတော့ စစ်အာဏာရှင်စနစ်ဆိုးမှာ ပြည်သူနဲ့ အလုပ်သမားဘဝ ပြောင်းလဲဖို့ လုပ်ပေးနိုင်တာ ဘာမှမရှိဘူးလို့ ထောက်ပြပါတယ်။
“အခုဆိုလို့ရှိရင်လည်း စစ်ကောင်စီကနေ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အနည်းဆုံးလုပ်အားခပြောင်းလဲဖို့ တောင်းဆိုတဲ့အလုပ်သမားတွေကို စက်ရုံထဲထိဝင်ပြီး ဖမ်းဆီးတာတွေ ဒီရက်ပိုင်းမှာ တောက်လျှောက်လုပ်နေပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးမှာ ပြည်သူနဲ့ အလုပ်သမားဘဝပြောင်းလဲဖို့ လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ စစ်ကောင်စီလုပ်ရပ်တွေကြောင့်သာ ပြည်သူတွေနဲ့ အလုပ်သမားတွေ နေ့စဉ်ဒုက္ခတွေ၊ သောကတွေ အပူမီးတွေကို ကျွန်မတို့တတိုင်းပြည်လုံးနီးပါး ကြုံတွေ့ခံစားနေရတာဖြစ်တယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုနဲ့အတူ ၅ နှစ်အတွင်း မပြောင်းလဲခဲ့တဲ့ အနည်းဆုံးလုပ်ခလစာနဲ့ ၅ ဆလောက်မြင့်တက်နေပြီဖြစ်တဲ့ ခေတ်ကာလ ကုန်ဈေးနှုန်းကြားမှာ အခြေခံလူတန်းစား အလုပ်သမားတွေဟာ ရိုက်ခတ်မှုဒဏ်ကို အလူးအလဲခံစားနေကြရတာပါ။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ကတော့ ပြည်တွင်းရှိစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ တစ်ရက် တစ်သောင်းကျပ်ထိ တိုးမြှင့်ပေးဖို့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media