ထားဝယ်၊ ဇွန်(၁၆)တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် ထားဝယ်အရှေ့တောဒေသက ကျေးရွာတွေဖြစ်တဲ့ ပကာရီ၊ သင်္ကန်းတုံး၊ ပခပ်၊ သရက်ငုတ်၊ ရမ္မာဇူ၊ လိပ်ကြယ်ပြောင်အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပေမယ့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘဲ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ထားဝယ်တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံလူဦးရေ ထက်ဝက်ကျော်ဟာ ထားဝယ်မြို့ပေါ်နဲ့ ဘေးလွတ်ရာ ကျေးရွာတွေကို အပြီးပိုင် ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ထားဝယ်အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာကို စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ် ၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၄,၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.