ဘားအံ၊ ဇွန်(၁၅)
အမျိုးသားညီညွတ်ရေးအစိုး(NUG) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီက နိုင်ငံတော်ဘဏ္ဍာအဖြစ် ချိပ်ပိတ်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ အမှတ် (၇) ရပ်ကွက်ရှိ ဝန်ကြီးနိုင်သုဝဏ္ဏ နေအိမ်ကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေရောက်ရှိလာပြီး ချိပ်ပိတ်သိမ်းဆည်းသွားတာပါ။
စစ်ကောင်စီဟာ ဝန်ကြီးနိုင်သုဝဏ္ဏနေအိမ်ကို အရင်က ၂ ကြိမ် ချိတ်ပိတ်စာလာကပ်ဖူးသလို အခုအကြိမ်မှာ နိုင်ငံတော်ဘဏ္ဍာအဖြစ် ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အဦးအဖြစ် စာလာကပ်သွားတယ်လို့ သိရပါတယ်။
ချိပ်ပိတ်သိမ်းဆည်းစဉ် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဝန်ကြီးနိုင်သုဝဏ္ဏ နေအိမ်အပေါ်ထပ်ရဲ့ အရှေ့ မျက်နှာစာမှာ ချိပ်ပိတ်ကြောင်း ဆိုင်းဘုတ်ချိတ်ကပ်ပြီး နေအိမ်ခြံတံခါးကို ချိပ်လောင်းကာ ပြန်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဝန်ကြီးနိုင်သုဝဏ္ဏဟာ NUG ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူပြီး အကြမ်းဖက်မှုတွေပြုလုပ်ဖို့ လှုံ့ဆော်နေတဲ့အတွက် နေအိမ်ကိုချိပ်ပိတ်သိမ်းဆည်းရတာဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ဝါရင့်မွန်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ နိုင်သုဝဏ္ဏကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်အစိုးရ(NUG) က အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်သုဝဏ္ဏဟာ အရင်ကမွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ညီညွတ်ရေးပါတီက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားတဲ့အတွက် ပါတီကနေ အပြီးပိုင်နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ