ရန်ကုန်၊ ဇွန်(၁၅)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ဆင်းရဲနွမ်းပါးမှုပြဿနာတွေကြောင့် ကလေးလုပ်သားဖြစ်ပွားမှု တရှိန်ထိုးမြင့်တက်လာပြီး အရေးတကြီးဖြေရှင်းရမယ့် အခြေအနေဖြစ်လာတယ်လို့ ကလေးသူငယ်အရေး ဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကလေး (၁)သန်းကျော်ဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါ အခြေအနေတွေကြောင့် ကလေးအလုပ်သမားအဖြစ်ရှိနေပြီး ထက်ဝက်ကျော်ဟာ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ စာရိတ္တဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ပါဝင်နေတယ်လို့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ ကလေးလုပ်သားတွေ ပိုတိုးလာစေပြီး အဆင်းရဲဆုံး မိသားစုတွေရဲ့ ကလေးတွေက ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ (ILO)က ဆိုပါတယ်။

ဒါကြောင့် ကလေးအလုပ်သမားဖြစ်ရတဲ့ မူလဇစ်မြစ်ကို ဖြေရှင်းဖို့အပါအဝင် အလုပ်လုပ်နေရတဲ့ က လေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် လူမှုတရားမျှတမှုရှိစေဖို့နဲ့ ကလေးအလုပ်သမားပပျောက်ဖို့အတွက် အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်လာတယ်လို့ (ILO)က သတိပေးလာတာပါ။

ကလေးသူငယ်အရေး ဆောင်ရွက်နေသူတစ်ဦးကတော့ ကလေးလုပ်သား အခြေအနေတွေဟာ အာ ဏာသိမ်းပြီးနောက် တရှိန်ထိုးမြင့်တက်လာသလို ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုတွေပါ လျော့ကျလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကလေးအလုပ်သမား အခြေအနေကတော့ ပိုပြီးတော့များလာတယ်။ ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာ အာ ဏာသိမ်းမှု ဆက်ဖြစ်သွားတဲ့အတွက်ကို အဲဒီပြဿနာက တရှိန်ထိုးတက်သွားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပဲဖြစ်ဖြစ်၊ ကျန်တဲ့စက်ရုံတွေပဲဖြစ်ဖြစ် ဥပမာအားဖြင့်ဆိုလိုရှိရင် ကလေးအလုပ်သမားဆိုတဲ့နေရာမှာ စက်ရုံတွေ မဟုတ်ပေမယ့်လည်း ဒီစတိုးဆိုင်တွေမှာတွေကအစ လက်ဖက်ရည်ဆိုင်တွေမှာကအစ ပိုပြီးတော့အလုပ်သမားတွေ များလာတယ်။ လုပ်အားခကို အပြည့်အဝရမနေတာပေါ့နော်။ ဥပမာအားဖြင့်ဆိုလို့ရှိရင် အလုပ်ဆင်းချိန်တွေကတော့ ပိုနေတယ်။ ပိုနေပြီးတော့ လုပ်ခလစာကျတော့ လျော့နည်းနေတယ်။ အဲဒီလုပ်ခလစာက သူတို့တစ်ကိုယ်ရည်ရပ်တည်မှုတောင်မှဘဲ မလုံလောက်နေတာ။ ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးမှုတွေက အရမ်းပဲလျော့ကျသွားပြီးတော့ အရင်းအမြစ်တွေ အကုန်ဆုံးရှုံးမယ်ပေါ့နော်”လို့ ဆိုပါတယ်။

(ILO)အဆိုအရ မြန်မာနိုင်ငံရဲ့ အသက် (၅)နှစ်မှ (၁၇)နှစ်ကြားရှိတဲ့ ကလေး (၁)သန်းကျော်ဟာ က လေးလုပ်သားအဖြစ် ရှိနေတယ်လို့ ဆိုထားပါတယ်။ကလေးသူငယ်တွေဟာ အာဏာသိမ်းကာလအတွင်း အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ကြားခွင့်ကအစ ဆုံးရှုံးသွားသလို စားဝတ်နေရေး ပြဿနာတွေကြောင့်လည်း ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေဟာ ကြုံရာအလုပ်တွေကို ဝင်ရောက်လုပ်ကိုင်ရတာကြောင့် လုပ်ခလစာတွေ ခေါင်းပုံဖြတ်ခံနေရသလို အသက်မပြည့်သေးတဲ့ အမျိုးသမီးကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ ရှိလာတယ်လို့ သိရပါတယ်။

ကလေးသူငယ်အရေး ဆောင်ရွက်နေသူတစ်ဦးကလည်း ကလေးလုပ်သားအများစုဟာ မိဘတွေ စီးပွားရေးမကောင်းတဲ့အတွက် ကြုံရာအလုပ်တွေ ဝင်ရောက်လုပ်ကိုင်နေရတာဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာအနေနဲ့ ကလေးတွေရဲ့ အကျင့်စာရိတ္တတွေပါ ယိုယွင်းပျက်စီးလာတယ်လို့ ပြောပါတယ်။

“ကလေးတွေမှာ ဘာတွေရင်ဆိုင်နေရလဲဆိုတော့ မိဘကစီးပွားရေးမကောင်းရင် ဥပမာပေါ့နော်။ မိန်းကလေးတွေတချို့ဆိုရင် ကျောင်းကနေ နားတာရှိတယ်။ ဆိုတော့အိမ်မှာပဲ ဒီအတိုင်းရှိနေမယ့်အစား သူတို့တွေကရရာ အလုပ်ကိုလုပ်ကြတာပေါ့။ တချို့ဆို ကော်ကောက်တယ်။ တချို့ဆိုရင်လမ်းဘေးမှာ တောင်းစားတဲ့ ကလေးတွေရှိတယ်။ တချို့ဆိုရင် လက်ဖက်ရည်ဆိုင်တွေမှာ ဝင်လုပ်တဲ့သူတွေ ရှိတာပေါ့နော်။ ကုန်ဈေးနှုန်းကလည်း ဈေးကတက် အဲဒီအခြေအနေတွေကြောင့် စားဝတ်နေရေး မလုံလောက်တာပေါ့။ ဘာဖြစ်လာလဲဆိုတော့ ဟိုဘက်မှာ လုပ်လို့မနိုင်တဲ့အခါကျတော့ အကျင့် စာရိတ္တအပိုင်းတွေ ယိုယွင်းပျက်စီးလာတာတွေရှိတယ်။ အမျိုး သမီးငယ်လေးတွေဆိုရင် မဟုတ်တဲ့လမ်းကြောင်းတွေ ရောက်ကုန်တယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ ကလေးသူငယ်အရေးတွေကို အရင်လိုကူညီဆောင်ရွက်ခွင့် မရတော့တာကြောင့် ရေရှည်မှာ ကလေးသူငယ်တွေရဲ့ အနာဂတ်ပိုမို ဆိုးရွားလာနိုင်တယ်လို့ ကလေးသူငယ်အရေးဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကလေးသူငယ် ၄၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရတဲ့ ကလေး (၆၂၄)ဦး ရှိသလို သတ်ဖြတ်ခံထားရတဲ့ ကလေး (၄၀၁)ဦးရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.