ရန်ကုန်၊ ဇွန်(၁၅)မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၄၀၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ NLD ပါတီဝင် ၉၀ ကျော် ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေးအဖွဲ့က အခုနှစ် မေလကုန်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး NLD ပါတီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ လူထုတွေ ရွေးကောက်တင် မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည် နယ်နဲ့ တိုင်းဒေသကြီးက ဝန်ကြီးချုပ်တွေ၊ NLD ပါတီဝင်တွေနဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်တွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့မှုအပေါ် စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာ၊ ပါဝင်သူတွေကို ဖမ်းဆီးတာ၊ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာတွေ၊ လူနေအိမ်တွေနဲ့ လူသားတွေကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ယူဆောင်တာစတဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်ရက်စက်စက် တုံ့ပြန်ခဲ့တာလို့ NLD က ဆိုပါတယ်။
ဒီလိုမျိုးအခြေအနေမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီရဲ့ ဥပဒေမဲ့မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူပေါင်း ၁၃၅၀၀ ကျော်ထဲက ၄၃၀၀ ကျော် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီထဲက ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉၂၀၀ ကျော် ကျန်ရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၁၂၀၀ ဦး ပါဝင်တယ်လို့ NLD မှတ်တမ်းတွေက ဖော်ပြပါတယ်။
နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၀ ကျော်ရှိတဲ့ထဲက လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ခဲ့ပြီး NLD ပါတီဝင် ၃၃၃ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ခဲ့တာပါ။
ဒါ့အပြင် ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်ရှိတဲ့ ရုံးတွေကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်တာ ၁၅၄ ကြိမ် ရှိခဲ့သလို အရပ်သားတွေရဲ့ နေအိမ်တွေ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၁၂၀၀ ကြိမ်ထက်မနည်းမှာ အိုးအိမ်အဆောက်အဦး အလုံးပေါင်း ၅၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ် ပြုလုပ်ခဲ့ရာမှာ အရပ်သား ၃၉၀ ကျော် သေဆုံး ခဲ့သလို ပြင်းထန်ဒဏ်ရာရသူ ၁၅၄ ဦး ရှိခဲ့တယ်လို့ NLD မှတ်တမ်းတွေက ဖော်ပြပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးစေလိုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RFA