ပြီးခဲ့တဲ့ မေ၁၄ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခတ်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူပေါင်း ၄၀၀ကျော်သေဆုံးပြီး လူဦးရေသိန်းနဲ့ချီ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာပါ။ ဒါပေမဲ့မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော်ကြာတဲ့အထိ မုန်တိုင်းဒဏ် သင့်ပြည်သူတွေ အကူအညီတွေမရရှိသေးသလို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီး တစ်လကြာပြီဖြစ်တဲ့အခုအချိန်မှာ မုန်တိုင်းသင့်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

မုန်တိုင်းကြောင့် ထိခိုက်မှုတွေအများကြီး ရှိသွားတယ်လို့ ပြောလို့ရတယ်။ အခုချိန်ထိက တကယ်ထိခိုက်ခံရတဲ့ သူတွေအားလုံး ယာယီနေထိုင်ဖို့အတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လုံလုံလောက်လောက် မပေးနိုင်သေးဘူး။ မပေးနိုင်သေးဘူးဆိုတာလည်း အရင်တည်းကကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ဒီကန့်သတ် ချက်တွေကြောင့်ဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ မိုးရာသီဖြစ်နေတဲ့အတွက်ကြောင့် အခုဆို မိုးကစရွာ ပြီပေါ့လေ။ အဲဒီကာလမှာ သွားရေး၊ လာရေးက အရမ်းခက်ခဲတဲ့နေရာတွေဆိုရင် ဘာမှကူညီထောက်ပံ့ရေး မရရှိတဲ့အချိန်ဖြစ်တယ်။ ဒီမုန်တိုင်းနောက်ပိုင်းမှာ အခုကမိုးပြန်ရွာတဲ့အချိန်ကို ရောက်နေပြီ။

မိုးပြန်ရွာတဲ့အချိန်ရောက်တော့ ဟိုမှာနေစရာမရှိတဲ့သူတွေ အမိုးအကာတော်တော်လေး ထိခိုက်မှုတွေအများကြီး ရှိသွားနိုင်တယ်။ ကျန်းမာရေး၊ ပညာရေးထိခိုက်မှုကလည်း စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေ ပြင်နေတာတော့ ရှိတယ်။ ဒါပေမယ့်တကယ်ထိခိုက်နေတဲ့ ရသေ့တောင်တို့လို၊ ပုဏ္ဏားကျွန်းတို့လို အများကြီးထိခိုက်သွားတဲ့ ကျေးလက်ရွာတွေဆီကိုတော့ အခုချိန်ထိဘာအကူအညီမှ မရောက်သေးဘူး။ မရောက်သေးဘူးဆိုတော့ အခုတော့ ကျောင်းဖွင့်ကာစ မုန်တိုင်းမတိုက်တဲ့ နေရာတွေမှာတော့ ကျောင်းစဖွင့်နေကြပြီ။ ဒါပေမယ့် တကယ်တမ်း မိုခါမုန်တိုင်းတိုက်သွားတဲ့ နေရာတွေမှာ ကျောင်းဖွင့်ဖို့က အများကြီးအခက်အခဲရှိနေသေးတယ်။ ကျန်းမာရေးကတော့ ဒီလူတွေအတွက် လုံခြုံတဲ့နေရာကို မဖန်တီးပေးနိုင်ဘူးဆိုရင် နောက်ထပ် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်ပေါ့လေ။ ဒီဟာတွေ အကုန်လုံးက တောက်လျှောက်ထိခိုက်သွားမှာပဲဖြစ်တယ်။

-ရခိုင်မှာ လက်ရှိလူမှုကူညီကယ်ဆယ်ရေး အကူအညီတွေလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါသလဲ။

ကျွန်တော်မြင်တာကတော့ ဒီမှာကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အရေးပေါ်ထောက်ပံ့ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီအနေနဲ့ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းအနေနဲ့ပဲဖြစ်ဖြစ် ဒါကူညီအားပေးရမယ့်ပုံစံမှာ ဘာဖြစ်လဲဆိုတော့ ဒါကနိုင်ငံရေးမဟုတ်ဘူး၊ စစ်ရေးမဟုတ်ဘူး၊ ဒါက လူသားချင်းစာနာထောက်ထားမှု ဖြစ် တယ်။ ကမ္ဘာကြီးအနေနဲ့ ဒီဟာကိုရပ်ပြီး ကြည့်နေလို့မရသလို မြန်မာနိုင်ငံပါဝင်ထားတဲ့ အာဆီယံအနေနဲ့ ကလည်း ဒီအပေါ်မှာရပ်တန့်နေတာမျိုးတော့ မဖြစ်သင့်ဘူး။ လူသိန်းချီဒုက္ခရောက်နေတဲ့အချိန်လည်း ဖြစ်တယ်။ မိုးရာသီအချိန်လည်းဖြစ်တယ်ဒီလို အချိန်မျိုးမှာ ကူညီထောက်ပံ့မှုတွေ အများကြီးလိုအပ်နေတဲ့ အချိန်လည်း ဖြစ်တယ်။ အဲဒီကာလမှာ အခုလိုစားနပ်ရိက္ခာထောက်ပံ့ရေးကို ရပ်တန့်ဖို့ ကြိုးစားတယ်ဆိုရင် ဒါကတော်တော်လည်း ရက်စက်တဲ့အပြုအမူဖြစ်တယ်လို့ ကျွန်တော်အနေနဲ့မြင်ပါတယ်။ ဒါကိုတော့မဖြစ်မနေ ကူညီကယ်ဆယ်ခွင့်ရဖို့ လှုပ်ရှားသင့်တယ်။

-ရခိုင်ကဒုက္ခသည်စခန်းမှာ နေထိုင်ရသူတွေအပါအဝင် မုန်တိုင်းသင့်ပြည်သူတွေရဲ့ အဓိကအခက်အခဲတွေက ဘာတွေဖြစ်နေမလဲ။

ခက်ခဲသွားတာတော့ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် အဓိကအများဆုံး ထိခိုက်သွားတာက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေရယ်၊ ပေါက်တော၊ ရသေ့တောင်ကတော့ ပိုအများဆုံး ဖြစ်ပါတယ်။ မြို့နဲ့နီးတဲ့ပတ်ဝန်းကျင် ကားလမ်းတွေပေါက်တဲ့နေရာတွေမှာ ထောက်ပံ့မှုတွေ ရတယ်ဆိုပေမယ့် ဘာလမ်းမှမရှိတဲ့ တောင်ပေါ်မှာလူမျိုးငယ်တွေရှိတယ်။ အဲဒီလူမျိုးငယ်တွေအတွက် အတော်လေးခက်ခဲတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရပါတယ်။ သူတို့မှာ အခုချိန်ထိအမိုးအကာ၊ တာလပတ်ပေါ့လေ။ မရသေးတဲ့အပြင် ဒီလူတွေဆီကိုရောက်ဖို့က စစ်ကောင်စီဘက်ကရော တော်တော်လေး အကူအညီပေးမှ ရနိုင်မယ့်အခြေအနေမျိုးပါ။ လတ်တလော ဒီရွာတွေကိုရောက်နိုင်ဖို့  အရမ်းခက်ခဲတဲ့ အခြေအနေပေါ့လေ။ နောက်တစ်ခုကတော့ စစ်ရှောင်စခန်းတွေရဲ့ အခြေအနေပေါ့လေ။ စစ်ရှောင်စခန်းတွေမှာလည်း အခုချိန် ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်တဲ့အခြေအနေရှိသလို စားနပ်ရိက္ခာပေးထားတယ်ဆိုပေမယ့် အမိုးအကာ အလုံအလောက်ရရှိမှုပိုင်းမှာ အလွန်အားနည်းနေပါတယ်။

– စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်ထဲမှာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ရခိုင်ကိုခရီးသွားလာခွင့် ပိတ်ပင်ခဲ့တာကြောင့် မုန်တိုင်းသင့်ပြည်သူတွေအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့သလဲ။

IDP ကန့်လည်း မဟုတ်ဘူး။ အခုကတချို့ဆို အိမ်တခုလုံး ပျက်စီးသွားတယ်။ မိုးဖို့လည်း မရှိဘူး။ တစ်ရွာလုံးမှာရှိတဲ့ အိမ်တွေ ၈၀ရာခိုင်နှုန်း၊ ၉၀ရာခိုင်နှုန်း ပျက်စီးသွားတာဖြစ်တဲ့အတွက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကူညီဖို့ အရမ်းခက်ခဲတယ်။ ဒုက္ခရောက်တာချင်းကတော့ IDP ကန့်တွေရော၊ တကယ် ပျက်စီးသွားသူတွေရော အတူတူပါပဲ။ အကုန်လုံးက မိုးရေထဲမှာပဲ။

– ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သူတို့ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူရမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကလေးစရိတ်က တော်တော်လေးကိုကြီးပါတယ်။ ကလေးတွေရော၊ မိခင်တွေရော တော်တော်လေး ကို အရေးကြီးပါတယ်။ ဒီဟာတွေကိုလည်း ဂရုတစိုက်လုပ်ပေးစေချင်ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း အဲဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ်အစစအရာရာ ဖြစ်သင့်သလောက်ဖြစ်အောင် ပါဝင်ကူညီပေးကြဖို့ ကျွန်တော်အနေ နဲ့ ပြောချင်ပါတယ်။

-မိုခါမုန်တိုင်းအလွန်မှာ ရက္ခိုင့်တပ်တော် AA ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဘယ်လိုမြင်တွေ့သိရှိရ ပါသလဲ။

ရက္ခိုင့်တပ်တော်ကတော့ ကျွန်တော်တို့ရဲ့ နယ်မှာ၊ ရွာတွေမှာ သစ်ပင်တွေကို ရှင်းလင်းတယ်။ အမိုးအကာတွေရော ကာမိုးပေးတယ်။ ပြန်လည်ထူထောင်ရေးဆိုလည်း တစ်ချို့ရွာတွေမှာဆို ဆားငန်တွေဝင်သွားတာ သောက်ရေကန်မှာ။ အဲဒီဟာကို စက်တွေနဲ့စုပ်၊ ရေတွေကိုလုပ်ပေးနေတာကို ကျွန်တော်တို့လည်း တွေ့မြင် နေရပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့  ပြည်သူတွေကိုအကူညီ ပေးတာကိုလည်းတွေ့ရတယ်။ စစ်ကောင်စီဘက်ကကျတော့ စစ်တွေမြို့ပေါ်မှာ မီးတွေဘာတွေပျက်တာတို့ အဲဒီလိုလောက်ပဲ လုပ်တယ်။ နယ်မှာတော့ သူတို့လုပ်တာ မတွေ့ရဘူး။ တဖက်မှာတော့ ရက္ခိုင့်တပ်တော်က လုပ်နေတာ လက်တွေ့မြင်နေရပါတယ်။

-နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောပေးပါဦး။

ကျွန်တော်တို့ သုံးသပ်ပြောရမယ်ဆိုရင် အခုလက်တွေ့တစ်လရှိပြီ။ တစ်ချို့ဆို ဆန်တစ်ဗူးတောင်မရဘူး။ နောက်တစ်ခါ ရက္ခိုင့်တပ်တော်ကနေ ဆန်တွေဘာတွေ ပေးတာလည်း တွေ့ရတယ်။ ဒီဘက်မှာဆို တချို့နေရာတွေမှာ ဆန်တစ်ပြည်၊ တစ်စလယ်ပေးတာတွေလည်း တွေ့ရတယ်။ သွပ်တွေလည်း ဘုန်းကြီးကျောင်း တွေကို ပေးတာလည်း တွေ့ရတယ်။ အဲဒီတော့ ထိထိရောက်ရောက် ပြည်သူတွေကို ဝန်ဆောင်မှု ထိထိရောက်ရောက် ကူညီပေးစေချင်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.