သထုံ၊ ဇွန်(၁၅)

မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး PTT စက်သုံးဆီအရောင်းဆိုင်ဝင်းဟောင်းထဲက အသုံးမပြုတော့တဲ့ KTV အခန်းတစ်ခုထဲမှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦး ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က PTT စက်သုံးဆီဝင်းဟောင်းထဲ သွားရောက်စစ်ဆေးစဉ် ပုပ်ပွသေဆုံးအသားကျနေတဲ့ အမျိုးသား ၂ ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သလို ဒေသခံတွေထဲမှာလည်း ပျောက်ဆုံးသူမရှိဘူးလို့ ကမာစိုင်ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲအတွင်း လာမသယ်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ KUN ၊PDF တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌကတော့ သူတို့ မိတ်ဖက်အဖွဲ့အတွင်း တပ်ဖွဲ့ဝင်ပျောက်ဆုံးတာတာမရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေကိုပစ်သတ်ပြီး လာထည့်သွားတာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

သေဆုံးနေသူတွေရဲ့ကျန်ရစ်တဲ့ အသားစတွေနဲ့အရိုးတွေကိုတော့ စစ်ကောင်စီဘက်က သိမ်ဆိပ်ဆေး ရုံသို့ ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အမျိုးသား ၂ ဦး သေဆုံးနေတဲ့ အနီးဝန်းကျင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်နဲ့ စစ်ကောင်စီကားတန်းတွေ မကြာခဏ မိုင်းဆွဲပစ်ခတ်ခံနေရတဲ့နေရာဖြစ်ပြီး ယာဉ်မောင်းနဲ့ခရီးသည်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.