နေပြည်တော် – ဇွန်(၁၅)
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မှူးနဲ့ သင်တန်းသား တို့သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၁၅) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ကနေ မိတ္ထီလာမြို့ကို လေ့ကျင့်ပျံသန်းစဉ် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လယ်ဒါကြီး ကျေးရွာအနောက် တောင်ဘက် (၅) မိုင်အကွာကိုရောက်ရှိချိန်မှာ စက်ချို့ယွင်းမှု ဖြစ်ပြီး ပျက်ကျခဲ့တာလို့ ဆိုထားပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားတို့ဟာ နေရာမှာတင်သေဆုံးခဲ့ကြပြီး စစ်ကောင်စီ ရဟတ်ယာဉ်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားတို့ရဲ့ ရုပ်အလောင်းတွေကို နီးစပ်ရာ တပ်မတော်ဆေးရုံကို ပို့ဆောင်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီရဟတ်ယာဉ်ပျက်ကျတဲ့ နေရာမှာ စစ်တပ်လေယာဉ်တွေ မောင်းနှင်တာတွေရှိနေပြီး စစ်ကားတွေလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ