ရေး၊ ဇွန်(၁၅)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ်ကို မကြာမီကာလအတွင်း စစ်ရေးအရှိန်မြင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

မော်လမြိုင်-ရေးလမ်းပိုင်းတလျှောက်မှာ အခုနောက်ပိုင်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သုံးယာဉ်တွေကို အသုံးပြုကာ အသွင်ယူသွားလာနေတဲ့အတွက် အခုလိုမေတ္တာရပ်ခံတာလို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ဆေးရင် ကြည်ဖြူစွာခံယူပေးဖို့၊ လူနာတင်ယာဉ်တွေအနေနဲ့လည်း ကီလို ၈၀ အထက် ပိုမမောင်းဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတင်ယာဉ်အနေနဲ့ ညပိုင်းမှာ မော်လမြိုင်ကိုအဆန်တက်ပြီးတာနဲ့ ညအချိန်မတော် ပြန်ဆင်းတာမျိုးမလုပ်ဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်ရန်နိုင်က မေတ္တာရပ်ခံတာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၂၇)ဌာနချုပ်ကလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီ လမ်းပိုင်းတွေမှာ ထိန်းချုပ်လှုပ်ရှားမှုတွေ ဆောင်ရွက်မှာ ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ပေါ်မှာ အတူခရီးသွားလာခြင်းမပြုလုပ်ဖို့ မော်တော်ယာဉ်ပေါ်မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ မတင်ဆောင်ကြဖို့၊ စစ်ဆေးမှုကို ကြည်ဖြူစွာခံယူဖို့ ဇွန် ၁၀ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အဲဒီအမိန့်ဟာ ဇွန် ၁၅ ရက်နေ့ကစပြီး စတင်အသက်ဝင်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးဖို့ KNLA တပ်ရင်း(၂၇)ဌာနချုပ် တပ်ရင်းမှူး စောနယ်ဒါထူးက သတိပေးထားတာပါ။

ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီး အထိအခိုက်အကျအဆုံးများနေလာတဲ့အတွက် စစ်ကောင် စီဘက်ကလည်း နယ်မြေတချို့ကို လက်လွှတ်လာရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Ye PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.