မိုးဗြဲ၊ ဇွန်(၁၅)
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် နယ်စပ်မိုးဗြဲမြို့မှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၀ ထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ အသက် (၁၅) နှစ်အောက်ကလေး ၃ ဦးပါဝင်ပြီး အမျိုး သမီး ၅ ဦးနဲ့ ကျန်သေဆုံးသူတွေက အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေဟာ စစ်ကောင်စီစစ်ကြောင်းချီတက်ရာ ကျေးရွာတွေက လမ်းသွားလမ်းလာပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့သူတွေကို သတ်ဖြတ်တာတွေအပြင် အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်တာတွေအထိ ပါဝင်နေတာပါ။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ပြည်သူတွေကို သေနတ်နဲ့ပစ်သတ်တဲ့ မျက်မြင်သက်သေတွေရှိနေပြီး ဒီလုပ်ရပ်တွေရဲ့ အဓိကတရားခံဟာ စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ပွဲတောက်လျောက်မှာ ပိတ်မိနေတဲ့သူတွေကိုလည်း သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ မျက်မြင် သက်သေတွေလည်းရှိတယ်။ လွတ်မြောက်လာတဲ့ ပြည်သူလူထုတချို့လည်းရှိပါတယ်။ ဒါတွေကိုကြည့်ပြီးတော့ စစ်ကောင်စီလုပ်တာလို့ပြောနိုင်ပါတယ်။ မိန်းကလေးနှစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့ပုံစံမျိုးတွေ၊ သူ့ဖခင်ကိုပစ်သတ်လိုက်တဲ့ပုံစံမျိုးတွေ ဦးခေါင်းခွံမှာ သေနတ်အရာတွေကိုကြည့်ခြင်းအားဖြင့် ဒါတွေက စစ်ကောင်စီရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ထွက်ပြေးစရာ မြေမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် သူတို့ရဲ့နေအိမ်တွေမှာသာ နေထိုင်နေရပြီး လက်ရှိအချိန်ထိ မြို့တွင်းလမ်းတွေပေါ်မှာ အလောင်းမကောက်နိုင်သေးတာနဲ့ ပျောက်ဆုံးနေသူ ၃၀ ထက်မနည်းရှိနေပြီလို့ သူကပြောပါသေး တယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ(၉) ရက်နေ့ကလည်း မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်က အသက်(၁၅) နှစ်နဲ့ အသက် (၂၀) ဝန်းကျင် ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သူတို့ရဲ့ဖခင်အရှေ့မှာတင် သတ်ဖြတ်သွားခဲ့တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးကနေ သိရပါတယ်။
လူဦးရေသုံးသောင်းကျော်နေထိုင်တဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီကထိန်းချုပ်ဖို့ အပြင်းအထန်ကြိုးပမ်းနေ တဲ့အတွက် ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- မိုးဗြဲ PDF