ပေါင်းတည် – ဇွန်(၁၅)
ပဲခူးတိုင်း၊ပြည်ခရိုင် ပေါင်တည်မြို့နယ် ပဲခူးရိုးမခြေရင်းမှာရှိတဲ့ ရွှေလေးကြိုးဝိုင်း သစ်ဖြူချောင်းနားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် တစ်ဦးသေဆုံးခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တို့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပဲခူး PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့သလို တော်လှန်ရေးတပ်တွေရဲ့ စခန်းဟောင်းနေရာတစ်ခုကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပဲခူး PDF