ထီးလင်း – ဇွန်(၁၅)
မကွေးတိုင်း၊ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက အင်အား (၁၅၀) လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးထားက (၂) ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီနေ့ ဇွန်လ(၁၅) ရက်နေ့ မနက်ပိုင်းက အုန်းထွဲရွာကနေ ကွမ်းစဲရွာကို ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ပန်ရွာနဲ့ တိရွာကြားကို ရောက်ရှိနေကာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတာပါ။
“လောလောဆယ် သူတို့က အင်အား တစ်ရာကျော်နဲ့ တက်လာတာ။ ပြည်သူတွေနဲ့ စစ်ရှောင်တွေ ကို ဖမ်းထားတာရှိတယ်။ လောလောဆယ် နှစ်ဦးသတ်ဖြတ်ခံရတာလည်းရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ကယ်ထုတ်နေတုန်းပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့နယ် ရွှေထီးခန်းမကနေ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၁၅၀) ကျော်ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်း သုံးကြောင်းထက်မနည်း ဖြန့်ထိုးနေတာဖြစ်ပြီး လက်ပန်ရွာ၊ လုံးပေါင်ရွာနဲ့ အုန်းထွဲရွာတွေမှာ တပြိုင်နက်တည်း လှုပ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေမှာ ဒေသခံတွေ ပိတ်မိနေပြီး ဖမ်းဆီးခံထားရတဲ့ စစ်ဘေးရှောင်တွေလည်းရှိနေသလို အုန်းထွဲရွာကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေကိုလည်း ပစ်ခတ်သတ်ဖြတ်ခံထားရကာ ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ