ပေါင် ဇွန် (၁၄)

မွန်ပြည်နယ်၊ သံလွင်တံတာ(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ စစ်ကားဝင်တိုက်ပြီး ဆိုင်ကယ် မောင်းနှင်သူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ ညနေပိုင်းက သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက် ခြမ်းမှာ တံတားအတက် တံတားချဉ်းကပ်လမ်းနေရာမှာ မုတ္တမဘက်က မော်လမြိုင်ကို တပ်သား မောင်မောင်ဦး မောင်းနှင်လာတဲ့ FAW ကားတစ်စီးက အရှိန်လွန်တိမ်းမှောက်ပြီး ဆိုင်ကယ် နှစ်စီးကိုဝင်တိုက်ခဲ့တာပါ။

အဲဒီ FAW ကားဟာ အရှေ့ကသွားနေတဲ့ (၆) ဘီးကုန်တင်ယာဉ်ကို ကျော်တက်စဉ် မော်လမြိုင်ဘက်က မုတ္တမဘက်ကို ကိုသိန်းသန်းဦးဆိုသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ကိုကျော်ထွန်းမောင် မောင်းနှင်ပြီး နောက်မှာ ဦးသူရ စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူမှာ မုတ္တမမြို့၊ ကွက်သစ်အပိုင်း ရပ်ကွက်(၃) မှာနေထိုင်တဲ့ ကိုသိန်းသန်းဦး ဆိုသူ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်က မော်လမြိုင် ဘက်ကနေ မုတ္တမဘက်ကို လာနေတဲ့အချိန်မှာ စစ်ကားက ဝင်တိုက်မိတာ။ စစ်ကားဝင်တိုက်တဲ့ အရှိန်နဲ့ ကိုသိန်းသန်းဦးက တံတားအောက်ကိုလွှင့်ကျသွားပြီး ခါးရိုးကျိုးပြီး သေဆုံးခဲ့တာပါ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတစ်ဦးလည်း အဲဒီဖြစ်စည်ကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေသလို သေဆုံးသွားပြီဆိုပြီးလည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တံတားကို ခေတ္တပိတ်ထားပြီး ညနေ(၅) နာရီဝန်းကျင်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံကားတွေဟာ အမြဲလိုလို အရှိန်မြှင့်တင်မောင်းနှင်တာနဲ့ အရှိန်လွန် မောင်းနှင်တာတွေ လုပ်ဆောင်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.