ရန်ကုန်၊ ဇွန်(၁၄)

သေချာမစိစစ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငှားရမ်းနေထိုင်ခွင့်ပေးထားတဲ့ နေအိမ်တိုက်ခန်းနဲ့ အဆောင်တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားအပြည့်အစုံရှိမှသာ ငှားရမ်းရမှာဖြစ်သလို အဲဒီချက်အလက်တွေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေထံ ဧည့်စာရင်းတိုင်ကြားရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နေအိမ်တိုက်ခန်းပိုင်ရှင်တချို့ဟာ လိုက်နာခြင်းမရှိဘဲ ဆက်လက်ငှားရမ်းပေးနေတာဟာ အကြမ်းဖက်မှုကိုကျူးလွန်ဖို့ အားပေးကူညီရာရောက်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဖောက်ခွဲမှုတွေနဲ့ သတ်ဖြတ်လုပ်ကြံမှုတွေကို ဖော်ထုတ်ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေအရ ကျူးလွန်သူတွေဟာ သူတို့ကိုအလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရေး အဆောင်နဲ့တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်ကြတာလို့ ဆိုပါတယ်။

ဒါကြောင့် စနစ်တကျငှားရမ်းစိစစ်တာ၊ ဧည့်စာရင်းတိုင်ကြားတာမရှိရင် ငှားရမ်းထားတဲ့ နေအိမ်တိုက်ခန်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ့်အပြင် အကြမ်းဖက်အားပေးသူအဖြစ် အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးမှာ ပါဝင်နေသူတစ်ဦးက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့နေလူထုအပေါ် ခြိမ်းခြောက်အနိုင်ကျင့်တာလို့ မှတ်ချက်ပြုပါတယ်။

ရန်ကုန်လိုမြို့ကြီးတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေအောက်တော်လှန်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ ဒေါက်တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေမှာ ရန်ကုန်မြို့က ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေထိုင်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာအပြင် လူစည်ကားတဲ့ လှည်းတန်းတို့လိုနေရာတွေမှာ အဆောင်နေသူတွေ အသစ်ရောက်လာတိုင်း ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ကြားရတယ်လို့ အဆောင်တာဝန်ခံတွေဆီက သိရပါတယ်။

အခြားသော မန္တလေးတိုင်းနဲ့ ပြည်နယ်တချို့မှာလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပြင် သတင်းပေးဒလန်တွေ၊ စစ်တပ်ထောက်ခံသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်အတွင်း စစ်တပ်အားပေး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဆိုတော် လီလီနိုင်ကျော်ကို သေနတ်နဲ့ပစ်သတ်သူဆိုပြီး စွပ်စွဲခံရသူအမျိုးသားနှစ်ဦးကို ကမာရွတ်မြို့နယ်ရှိ လှည်းတန်းက အဆောင်တစ်ခုမှာ ဇွန် ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.