လောင်းလုံး၊ ဇွန်(၁၄)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာနဲ့အင်းစောက်ကျေးရွာနေ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ လောင်းလုံးမြို့အဝင် သဗျာကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။

သဗျာကျေးရွာစားသောက်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်အတွင်းရှိနေတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိူးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကျော်ကနေ အသက် ၃၀ ကျော်ဝန်းကျင်ရှိတဲ့ ကိုတေဇာကျော်၊ ကိုအီကြာကွေး၊ ကိုဌေးအောင်၊ ကိုတို၊ မသင်းသင်း၊ မမီးမုံတို့ ပါဝင်ပါတယ်။

ဒေသခံတွေကို ဖမ်းဆီးသွားစဉ် စစ်ကောင်စီတပ်ဟာ ကိုတေဇာကျော်တို့ စီးလာတဲ့ဆိုင်ကယ် ၂ စီးကိုပါ ယူဆောင်သွားပြီး ဖမ်းဆီးသွားသူတွေကို လောင်းလုံးမြို့မရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

ဒေသခံ ၆ ဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဟာ အင်းစောက်ကျေးရွာနေ ဒေသခံ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့ပြီး သူတို့အားလုံးကို ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာ မသိရသေးပါဘူး။

ဒေသခံတွေအဆိုအရ ဖမ်းဆီးခံရသူတွေဟာ သာမန်ပြည်သူတွေသာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်တာမရှိဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အရပ်သား ၃ ဦးဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.