နေပြည်တော်၊ ဇွန်(၁၄)

ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ဝိသမလောဘသားတွေရဲ့ ငွေကြေးကစားမှုနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုတွေကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် မြင့်မားနေရတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကောင်စီလက်ထက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဖို့အတွက် ဇွန် ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ သွင်းအားစုဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်တွင်းထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာသလို ဝယ်လိုအားနဲ့ ရောင်းလိုအား ကွာခြားချက်ကြီးမားပြီး အဆင့်ဆင့်ရောင်းချမှု များပြားလာတာကြောင့် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာလို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းသဘောထား ကွဲလွဲတဲ့အဖွဲ့အစည်းတွေဟာ စီးပွားရေးကဏ္ဍထိခိုက်အောင် ဆောင်ရွက်တာတွေရှိသလို ပြည်ပနိုင်ငံတွေကလည်းအကြောင်း အမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့တာတွေ၊ ထောက်ပံ့မှုရပ်ဆိုင်းတာတွေနဲ့ ပူးပေါင်းမှုရပ်ဆိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ပြည်တွင်းကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းလာတာ၊ ပြည်ပမှ မှာယူတင်သွင်းရတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်လာတဲ့ အခြေအနေနဲ့ အဓိကသက်ဆိုင်နေတယ်လို့ တညီတညွတ်တည်း ပြောဆိုတာပါ။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်ရောက်လာမှုမရှိတာအပြင် ပြည်တွင်းရှိ ထုတ်ကုန်လုပ်ငန်းတွေကလည်း အပြည့်အဝမလည်ပတ်နိုင်တာကြောင့်လည်း လိုအပ်ချက်များပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာရတာဟာ စစ်ကောင်စီလက်ထက် ပုဂ္ဂလိက ကဏ္ဍတွေမှာ နာလန်မထူနိုင်တာကြောင့်ဖြစ်သလို ပေါ်လစီအမှားတွေနဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ ကိုယ်ကျိုးစီးပွားသာ အာရုံရောက်နေတဲ့အတွက်ဖြစ်နေတာလို့ ဝေဖန်တာပါ။

“အဓိကတော့ ပုဂ္ဂလိက ကဏ္ဍပေါ့။ ပုဂ္ဂလိကကဏ္ဍက ဘယ်လိုမှ နာလန်မထူနိုင်ဘူး ဖြစ်နေတယ်။ SME တွေရော၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရော၊ ဒီကလုပ်ငန်းကြီးတွေရော။ ဒီ(၂)နှစ်အတွင်းမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ရင်နှီးမြှုပ်နှံမှုက ရင်နှီးမြှုပ်နှံမှုရော၊ စီးပွားရေးလုပ်ငန်းတွေရောက တော်တော်ကိုအခြေအနေကျပ်နေတဲ့ အနေအထားရှိတယ်။ နောက်တစ်ခုကတော့ ပေါ်လစီနဲ့ ခေါင်ဆောင်မှုအပိုင်းပေါ့။ ပေါ်လစီက ဥပမာ-ဆိုရှယ်လစ်ခေတ်ဆိုရင် ဆိုရှယ်လစ်စီးပွားရေးစနစ်ထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘူး။ ဒီအတိုင်းကြီးကို အသေသတ်မှတ်ထားတာပေါ့။ ဒီပေါ်လစီကြီးကိုပဲ မပြောင်းနိုင်ဘူး၊ မပြင်နိုင်ဘူး။ နောက်တစ်ခုက ခေါင်ဆောင်မှုအပိုင်းပေါ့။ ခေါင်းဆောင်မှုအပိုင်းက သိပ်ပြီးတော့အတ္တများနေတယ်။ နိုင်ငံအပေါ် စေတနာမထားနိုင်ဘူးဆိုရင် အဲဒီနိုင်ငံမတိုးတက်ဘူး။ ခေါင်ဆောင်ပိုင်း အဆက်ဆက်က စတက်လာတုန်းကတော့လည်း ဟုတ်မလိုလိုပေါ့၊ ဒါပေမယ့် မကြာပါဘူး ကိုယ်ကျိုးစီးပွားတွေပဲ ပိုပြီးတော့အာရုံရောက်ပြီးတော့ ပြည်သူလူထုနဲ့ ပိုပြီးတော့ကင်းကွာလာတဲ့ဟာတွေ အဲဒီအချက်တွေကြောင့် ကိုယ့်နိုင်ငံဟာ နောက်ကောက်ကျတယ်လို့ သုံးသပ်ရတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းကုန်ဈေးနှုန်း ပြန်လည်ကျဆင်းစေဖို့အတွက် စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပေါ် လစီအမှားတွေကို အချိန်မီပြန်လည်ရုတ်သိမ်းဖို့လိုအပ်သလို မြန်မာ့ငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်အောင် လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ကုန်စည်ပို့ဆောင်နေသူတစ်ဦးကလည်း ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာရတဲ့အထဲမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံတာတွေကြောင့်လည်း ပါဝင်တယ်လို့ ထောက်ပြပါတယ်။

“အခုလောလောဆယ် အဆင်မပြေဘူး။ BGFတွေတောင်းတာများတော့ တော်ရုံတန်ရုံမကိုက်ကြဘူးလေ။ မြဝတီလမ်းကြောင်းမှာက တောင်ကြားတွေမှာ စစ်တပ်လက်အောက်ခံ BGFတွေက တောင်းတာတွေက များတယ်လေ။ သူတို့က လုံခြုံရေး၊ လုံခြုံရေးလို့သာပြောတာ။ တကယ်တမ်း လုံခြုံရေးမှမဟုတ်ဘဲနဲ့ တောင်းစားလာတယ်။ ဆိုးသွမ်းတဲ့လူတွေပေါ့ဗျာ။ လုံခြုံရေးသာ ဗန်းပြတာလေဗျာ။ ဒီကားသမားတွေ၊ ပြည်သူလူထုတွေ ဒုက္ခရောက်အောင် ပိုက်ဆံတောင်းတယ်၊ ငွေညှစ်တယ်။ အဲဒါတွေက တအားဆိုးတယ်လေ။ ကားအတွက်၊ ငါ့အတွက် သုံး၊လေး၊ ငါးသောင်း။ ကျွန်တော်တို့လည်း အခွန်ဆောင်ပြီး သွားကြတာပဲ။ ကားဆိုလည်း နိုင်ငံတော် အခွန်ဆောင်တာပဲလေ။ ကုန်ဆိုလည်း နိုင်ငံတော်အခွန်ဆောင်ပြီး သွားတာကို၊ သူတို့က လုံခြုံရေးဆိုတဲ့ဟာကို ဗန်းပြပြီးတော့ အဲဒီလိုမျိုးတွေကောက်တော့ ကုန်ဈေးနှုန်းတွေကတက်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ခေါင်ဆောင်က ကုန်စည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး လမ်းခရီးတွေရှိဂိတ်တွေမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေရေး ပြည်နယ်နဲ့တိုင်းအလိုက် တာဝန်ရှိသူတွေက အလေးထား ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးအဆမတန်တောင်းခံမှုကို လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာအတွင်း ကုန်ပစ္စည်းဈေးနှုန်းတွေဟာ အမျိုးအစားပေါ်မူတည်ပြီး (၃)ဆကနေ (၅)ဆထိ မြင့်တက်လာတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ နေ့စဉ်စားသောက်ဖို့အတွက်ပင် အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၇ ဒသမ ၆ သန်းဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပါအဝင် အထွေထွေအကျပ်အတည်းတွေကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.