တနင်္သာရီ၊ ဇွန်(၁၄)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကျေးရွာအနီးမှာ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိန္နောကျေးရွာဘက်ကနေ တပ်ချိန်းပြန်ပြီးလာတဲ့ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီ ခြေ လျင်တပ်ရင်း ခလရ (၁၀၁) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီးနောက် တပ်ပြန်ဆုတ်စဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးသူတွေကို သယ်ဆောင်ပြီး ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၅၆၁)ထံ ဝင်ရောက်သွားကာ ဇွန် ၁၃ ရက်နေ့ ညနေ့ပိုင်းအချိန်အထိ ပြန်ထွက်ခြင်းမရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီပကဖ ၊ SWDF နဲ့ မြိတ်ခရိုင် တပ်ရင်း (၂) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ် ၁၄ ကြိမ်ရှိခဲ့ပါတယ်။

ဒါပေမဲ့ တနင်္သာရီတိုင်းမှာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုပုံစံ ပြောင်းလဲလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်စတင်လာကာ စစ်ကောင်စီဘက်က ခံစစ်သို့ကူးပြောင်းလာတယ်လို့ ဒေသတွင်းသုတေသနတစ်ခုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.