ညောင်လေးပင်၊ ဇွန်(၁၃)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် တစ်ရက်တည်း အရပ်သားပြည်သူ(၄)ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ ညနေ(၃)နာရီအချိန်မှာ စစ်ကောင်စီတပ်ဟာ KNU ကျောက်ကြီးမြို့နယ်၊ ဆင်မတောင်ကနေ ပေတူးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး(၁)ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အဲဒီနေ့ ည ၇ နာရီအချိန်ကနေ ည ၉ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်က KNU မုန်းမြို့ နယ်၊ ကွင်းချောင်းဝကနေ လက်နက်ကြီး စုစုပေါင်း(၁၂)လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး(၄)လုံးမှာ ရေတွင်းကုန်းကြီး ကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ(၁)ဦးရဲ့ နေအိမ်ကို ထိမှန်ပျက်စီးခဲ့တဲ့အပြင် အသက်(၃၆)နှစ်အရွယ် အမျိုးသား(၁)ဦးလည်း ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ် ဝါးပင်ကျေးရွာထဲကို ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား(၁)ဦးကို ပစ်သတ်ပြီး အမျိုးသမီး(၁)ဦးကိုလည်း မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရသိရပြီး အသတ်ခံရတဲ့ ဒေသခံ(၂)ဦးဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေမယ့် စစ်တောင်းမြစ်မှာ အလောင်း(၂) လောင်း မျောပါလာတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောကြားတဲ့အကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ကျောက်ကြီးမြို့နယ်ထဲမှာ အရပ်သားပြည်သူအပေါ်ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်လုပ်ဆောင်မှုတွေကြောင့် အရပ်သားပြည်သူ(၁၀,၀၀၀)ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ(ကျောက်ကြီးမြို့နယ်)က ထုတ်ပြန်ပြောဆိုထားပါတယ်။
ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ မိုးတွင်းကာလဖြစ်တဲ့အတွက် ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပြဿနာတွေ၊ မိုးဒဏ်လေဒဏ်ကြောင့် အဆောက်အဦးမလုံခြုံမှုနဲ့ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ရင်ဆိုင်ကြုံတွေ့နေခဲ့ရပြီး လူသားချင်းစာနာမှုအကူ အညီတွေလည်း ဆက်လက် လိုအပ်လျက်ရှိနေတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(ကျောက်ကြီးမြို့နယ်)ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU