သရက်ချောင်း၊ ဇွန်(၁၃)
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာစဉ်လှည့်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို စစ်ရှောင်လူငယ်တစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ် ကနက်သီရိရွာနဲ့နတ်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေပစ်ခတ်ကာ စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာ ၂ ရွာက ဒေသခံ ၄၀ နီးပါးကို လူသားဒိုင်းကာအဖြစ် ဖမ် းဆီးပြီးနောက် ကနက်သီရိရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ကနက်သီရိရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၁ ရက်နေ့ ညပိုင်းမှာ ရငဲရွာထဲ ထပ်မံဝင်ရောက် လာပြီးနောက် နေအိမ်မှာမိခင်အတွက် ဆေးဝါးလာပြန်ယူတဲ့ စစ်ရှောင်လူငယ် အသက် ၂၃ နှစ်အ ရွယ် ရငဲရွာသားကိုဝေယံဟိန်းကို ပစ်သတ်သွားခဲ့ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ ရငဲရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်မီးလောင်မှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ် ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ရငဲ၊ ကနက်သီရိ၊ ဝဲရစ်၊ သိမ်ကုန်းအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၄၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ မေလအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သုတေ သနအဖွဲ့ အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ