ရေး – ဇွန်(၁၃)
မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်က ရွှေဈေးမှာ လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း(၈၀၀) နီးပါး ပါသွားတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၁၃) ရက်နေ့ မနက်(၈) နာရီဝန်းကျင်က ကားတစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးက ရွှေစျေးမှာ ဖွင့်လှစ်ထားတဲ့ ငွေလဝန်းအမည်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့တာပါ။
“ကားတစ်စီး ကမနက်ကတည်းကရှိနေတာ၊ အဲ့အချိန် မီးကလည်းပျက်၊ မိုးကလည်းမှောင်နေချိန် ကားပေါ်က ဆင်းလာပြီးတော့ဈေးအဝနားမှာရှိတဲ့ ဆိုင်ကနေလုသွားတာ အိတ် (၃) အိတ်ရှိတဲ့ အထဲက (၁) အိတ်ပါသွားတာ၊ သိန်း ၇၀၀ ကျော် ၈၀၀ နီးပါးပါသွားတယ် ” လို့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
အခုလို ရေးမြို့နယ်အတွင်း ငွေကျပ်သိန်းရာနဲ့ချီ လုယက်ခံရတဲ့ ဖြစ်စဉ်မရှိဖူးပေမယ့် ညစဉ်လိုလို ဆိုင်ကယ်လုယက်မှုတွေနဲ့တော့ ရင်ဆိုင်ဆိုင်နေရတယ်လို့ သူကပြောပါသေးတယ်။
စစ်တပ်အာဏာမသိမ်းခင်က တည်ငြိမ်အေးချမ်းခဲ့တဲ့ ရေးမြို့နယ်ဟာ အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းမှာတော့ စားဝတ်နေရေးကြပ်တည်းလာကြတဲ့သူတွေ၊ စစ်ကောင်စီ အားပေးတွေဟာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ပစ္စည်းလုယက်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
“မြို့ပေါ်မှ လုယက်ခိုးယူမှုတွေကြုံနေတယ်၊ နယ်မှာဆိုလည်း တော်လှန်ရေးအဖွဲ့မဟုတ်တဲ့ ဘာမှန်းညာမှန်းမသိတဲ့လက်နက်ကိုင်တွေကဆက်ကြေးလိုလို ဘာလိုလို ငွေတောင်းတာတွေ ကြုံနေရတယ်၊ စစ်အုပ်ချုပ်ရေးပြီးမှ ပိုဆိုးလာသလိုပဲ ” လို့ ရေးမြောက်ပိုင်းမှာနေတဲ့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လုယက်မှုဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင် ဝန်ထမ်းတွေဟာ မြို့ထဲက ဆိုင်တွေမှာ လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ