မော်လမြိုင်၊ ဇွန်(၁၃)

မွန်ပြည်နယ်အတွင်းရှိ လက်အောက်ခံဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိတွေကို စစ်ကောင်စီက လက်နက်ထုတ်ပေးတာတွေ လုပ်ဆောင်နေပြီး လက်နက်ထုတ်ပေးထားတဲ့ အရာရှိ ၃၀ ကျော်အထိရှိလာပြီလို့ စစ်ကောင်စီ ပြည်နယ်အစိုးရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ထုတ်ပေးထားတဲ့သူတွေထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူမှုဝင်မှုကြီးကြပ်ရေးဌာနတို့က ဦးစီးအရာရှိတွေ အများစုပါဝင်ပြီး ကျန်ဌာနဆိုင်ရာတွေက ဦးစီးအရာရှိတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လက်နက်တွေထုတ်ပေးရမှာ ပြည်နယ်အတွင်းရှိ နယ်မြေတည်ငြိမ်မှုမရှိတဲ့ ရေး၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်အပါအဝင် မကြာခဏတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေက ဦးစီးအရာရှိတွေကို ဦးစားပေးထုတ်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဌာနဆိုင်ရာတချို့က ဦးစီးအရာရှိ အဆင့်ရှိသူတွေ လက်နက်လျှောက်ထားတာ ရှိပေမယ့် လုံခြုံရေးနဲ့ လိုအပ်ချက်အခြေအနေပေါ်မူတည်ပြီး ဦးစားပေးထုတ်ပေးနေတယ်လို့ စစ်ကောင်စီ ပြည်နယ်အစိုးရရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ဌာနဆိုင်ရာတချို့က အရာရှိတွေကို လက်နက်တွေထုတ်ပေးထားသလို အနီးကပ်လုံခြုံရေးပေးနိုင်ဖို့ဆိုပြီး စစ်သားနဲ့ ရဲတချို့ကိုလည်း ထားရှိပေးထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ဖို့ အမှန်တကယ် လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ (၁၁)ရက်နေ့ကလည်း လက်နက်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီး ဘယ်သူမဆို ဥပဒေမဲ့လက်နက်ကိုင်ဆောင်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် (၆)လကနေ အမြင့်ဆုံးထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်အထိ ဖြစ်စေချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာပြီးနောက် မွန်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေအပါအဝင် ကြံ့ခိုင်ရေးပါတီဝင်တချို့ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.