ဂန့်ဂေါ – ဇွန်(၁၂)

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးထားချိန်မှာပဲ ပျူစောထီးတွေက အပြင်ခေါ်ထုတ်ပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့ နေ့လည်ပိုင်းမှာ ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေက ရဲစခန်းအပြင်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

သတ်ဖြတ်ခံလိုက်ရသူတွေဟာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး သူတို့ကို လာရောက်ပစ်သတ်သူတွေထဲမှာ ပရီးမီးယားတူး ဘီယာဆိုင်ပိုင်ရှင် ဖိုးဇော်ဆိုသူလည်း ပါဝင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ သူတို့နှစ်ဦးကို ဂန့်ဂေါမြို့နဲ့ ပျားရွာကြားမှာ ပစ်သတ်သွားတာ ဖြစ်ပြီး အသတ်ခံခဲ့ရသူတွေဟာ ဇဟောရွာသားနဲ့ ဂန့်ဂေါမြို့ပေါ်ခင်သာရပ်ကွက်သားတစ်ဦး ဖြစ်ပြီး သူတို့ကို ဖမ်းဆီးထားတာ (၂) လကျော်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရဲစခန်းအချုပ်ကနေ ခေါ်ထုတ် သတ်ဖြတ်ဖူးတဲ့ ဖြစ်စဉ်တွေလည်း ရှိဖူးတယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ(၄)ထောင်နီးပါး သတ်ဖြတ်ခံထားရပြီး အဲဒီထဲမှာ မကွေးတိုင်းဒေသခံ (၃၀၀) လောက်ပါဝင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.