လွိုင်ကော် – ဇွန်(၁၃)
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီကို တော်လှန်ရေးကာလအတွင်း အခြေအနေနဲ့ လိုက်လျောညီထွေစွာ ဖွဲ့စည်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ညီနောင်မဟာမိတ်(၃) ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ တို့က ထုတ်ပြန်ထားပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး ကောင်စီမှာ ပြည်နယ်ရေးရာဌာန အနည်းဆုံး(၁၂) ရပ်ထားရှိသွားမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် CRPH၊ NUCC နဲ့ NUG အပါအဝင် နိုင်ငံတဝန်းရှိ အင်အားစု အားလုံးနဲ့ လက်တွဲသွားမှာလို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ ကြားကာလပြည်နယ်အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးဖော်ဆိုင်ဖို့ ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့တဲ့ ဇွန်လ(၆) ရက်နေ့ စတင်ဖွဲ့စည်းခဲ့တာပါ။ မိမိလူမျိုး၊ မိမိကောင်စီ၊ မိမိအဖွဲ့အစည်းအတွက် ကရင်နီလူမျိုးတွေအနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး မျှော်မှန်းထားတဲ့ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်တွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆုတောင်းပေးတယ်လို့ ညီနောင်မဟာမိတ်(၃) ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်ဟာ တခြားဖက်ဒရယ်ယူနစ်တွေနဲ့ လက်တွဲပြီး ပြည်ထောင်စုတဝန်းလုံးရှိ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ အင်အားစုအားလုံးနဲ့ ပူးပေါင်းကာ လက်ရှိဖြစ်ပေါ်ပျက်စီးနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေအဝဝ ကို အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ က ဆောင်ရွက်သွားမယ်ဆိုတဲ့ ဖော်ပြချက်ကို အလေးအနက်ထောက်ခံကြိုဆိုကာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီအပါအဝင် ပအိုဝ်းပြည်သူတွေလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ PNFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ခူဦးရယ်၊ ဒုဥက္ကဋ္ဌ အဖြစ် ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး(၁) ဇူပဒုမ္မာ၊ အတွင်းရေးမှူး (၂) ဗညားခွန်အောင်နဲ့ ဘဏ္ဍာရေးမှူးအဖြစ် မော်ဖိုးမြာ တို့ တာဝန်ယူထားတယ်လို့ သိရပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က စုပေါင်းခေါင်းဆောင်မှုနဲ့ ကြားကာလ ပြည်နယ်အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမှာဖြစ်သလို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလကလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်တာဟာ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး အတွက် အထောက်အပံ့ကောင်းဖြစ်တယ်လို့ ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNFC၊AA