လွိုင်ကော်၊ ဇွန်(၁၃)

စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် ကယားပြည်နယ်အခြေစိုက် စစ်ရှောင်စခန်းနဲ့ ကျေးလက်ဒေသတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ လသားအရွယ် ကလေးငယ်သေဆုံးမှု ပိုများလာတယ်လို့ ဒေသတွင်းအမျိုးသမီး အဖွဲ့အစည်းတွေကနေ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖြတ်လေးဖြတ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လမစေ့ဘဲ ကလေးမွေးဖွားတာတွေ မကြာခဏဖြစ်ပွားနေပြီး ကလေးသေဆုံးတာတွေရှိနေသလို ကလေးရောမိခင်ပါ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

ကယန်းအမျိုးသမီးအစည်းအရုံး KyWO ရဲ့ စစ်တမ်းတွေအရ ၂၀၂၃ ခုနှစ်အစောပိုင်းကနေ ဧပြီလအထိ ကယားပြည်နယ်မှာ ကိုယ်ဝန်ပျက်ကျမှုနဲ့ မီးဖွားချိန်ကလေးရော မိခင်ပါသေဆုံးခဲ့တဲ့ ဖြစ်စဉ် (၅) ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်အပြင် ဆေးဝါးမလုံလောက်မှု ပြဿနာတွေကြောင့် အများဆုံးသေဆုံးလာတာဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWo) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ခရစ္စတင်းကတော့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအချိန်မှာဆိုရင် ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့လုပ်နေတယ်။ ဆေးဝါးတွေဆိုရင် ပိုဆိုးတယ်။ ရောင်းတဲ့လူတောင်မှ တရားဝင်ရောင်းခွင့်မရှိဘူးပေါ့နော်။ အဲဒီလိုမျိုးတွေ။ နောက်ပြီး ပြည်သူတွေအသုံးပြုနေတဲ့ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မလို့ ခွဲစိတ်မွေးရမယ့် အမျိုးသမီးတွေအတွက်ဆိုရင် ကျွန်မတို့အရမ်းစိုးရိမ်နေရတဲ့ အနေအထားတစ်ခုဖြစ်တယ်။ ပုံမှန်မိခင်တွေတောင်မှ မွေးပေးမယ့်လက်သည်မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီဘူးဆိုတဲ့ အနေအထားတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ အခုဆိုရင် အမျိုးသမီးသေဆုံးနှုန်းတွေ၊ ကိုယ်ဝန်ပျက်ကျနှုန်းတွေ ပိုများလာတယ်ပေါ့နော်” လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးမီးဖွားပြီး ချက်ချင်းသေဆုံးတာတွေရှိနေသလို မွေးလာတဲ့ ကလေးတွေဟာလည်း ကိုယ်လက်အင်္ဂါမစုံလင်တာနဲ့ သေဆုံးနေတဲ့ကလေးတွေကို မွေးဖွားလာရတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ဗုံးကြဲတဲ့ဖြစ်စဉ်တွေမှာ ပြင်းအားများတဲ့ ပေါက်ကွဲမှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဝမ်းဗိုက်အတွင်းက ကလေးငယ်တွေ လှုပ်ရှားမှုမရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကယားပြည်နယ်က ဆေးရုံ၊ ဆေးပေးခန်းတွေအပြင် စာသင်ကျောင်းတွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာတတ်မြောက်ခွင့်အတွက် ပြည်သူတွေဟာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ လတွေကလည်း စစ်ကောင်စီဟာ ဆေးပေးခန်း(၂)ခုနဲ့ ဒေါတမကြီးတိုက်နယ်ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဧပြီလ(၂၅) ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်အတွင်းက ဆောင်းဖွေးတိုက်နယ်ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တွေနဲ့ မိခင်တွေထားတဲ့အဆောင်ကို ထိမှန်ခဲ့တဲ့အတွက် (၃) လသားအရွယ်ကလေးငယ်ရဲ့ မိခင်သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေကို နေ့စဉ်လိုလိုခံနေရတဲ့ ကယားပြည်နယ်က အမျိုးသားအများစုဟာ ရရာလက်နက်နဲ့ တွန်းလှန်တိုက်ပွဲဝင်နေတဲ့အတွက် အမျိုးသမီးတွေဟာ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.