မော်လမြိုင် – ဇွန်(၁၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ-၆ က မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ထားဝယ်၊ ဘိတ်နဲ့ အမှတ်(၈) လမ်းမကြီးမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက် တဲ့ လူနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေတင်ဆောင်ရင်အရေးယူမယ်လို့ KNU တပ်ရင်း-၂၇ ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူလူထုကို အကာအကွယ်ယူပြီး သွားလာနေကြတဲ့အတွက် ဒီအမိန့်ကိုထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အမှတ်(၈) လမ်းမကြီးတစ်လျှောက် ထိုးဖောက် ထိန်းချုပ်လှုပ်ရှားနေပြီဖြစ်တဲ့ အတွက် ခရီးသွားပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးမှုတွေမဖြစ်စေဖို့ အမိန့်ထုတ်ပြန်ချက်ကို တိကျစွာ လိုက်နာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

KNU တပ်ရင်း -၂၇ ရဲ့ ထုတ်ပြန်ချက်မှာ တပ်ဖွဲ့ဝင်တွေမှ စစ်ဆေးဖို့အတွက် ခေါ်ယူရပ်တန့်တဲ့အခါ မော်တော်ယာဉ်ကို ကြည်ဖြူစွာ ရပ်တန့်ပေးပြီး အစစ်ဆေးခံကြဖို့၊ မော်တော်ယာဉ်ပေါ်မှာ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ လူဖြစ်စေ ရုပ်ဝထ္တုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်းလုံးဝမပြုလုပ်ဖို့၊ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူတကွ ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါတာ လုံးဝမလုပ်ဖို့နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ယာဉ်တွေအနေနဲ့ ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံကြရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အမိန့်ထုတ်ပြန်ချက်ကို လိုက်တာနာမရှိဘဲ တစ်စုံတစ်ရာ ဖောက်ဖျက်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လိုကိစ္စတွေကိုမဆို မိမိတို့အနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.