စစ်တွေ၊ ဇွန်(၁၁)

မုန်တိုင်းသင့်ဒေသတွေထံ အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ပိုမိုခက်ခဲသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ ဒေသတွေထံ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဇွန် ၇ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာပါ။

စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေဟာ အခြေအနေပိုဆိုးလာနိုင်ပြီး အကူအညီပေးနေတဲ့ လုပ်ငန်းစဉ်အားလုံးရပ်ဆိုင်းလိုက်ရပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇွန် ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ကျောက်ဖြူမြို့ခံတစ်ဦးကတော့ မုန်တိုင်းဒဏ်သင့်ဒေသတွေကို အမိုးအကာနဲ့ စားနပ်ရိက္ခာတောင် လုံလုံလောက်လောက် မပေးနိုင်တဲ့အချိန်မှာ ကူညီပေးတဲ့အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့် ကန့်သတ်မှုကြောင့် ပြည်သူတွေပိုမိုထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

“မုန်တိုင်းသင့်ပြည်သူတွေ အတော်ထိခိုက်သွားတယ်ပြောရမယ်။ ဘာလို့ဆို အခုအချိန်အထိက တကယ် ထိခိုက်သူတွေမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတောင် လုံလုံလောက်လောက်မပေးနိုင်သေးဘူး။ မပေးနိုင်သေးဘူးဆိုတာကလည်း အရင်ကတည်းက ကန့်သတ်ချက်တွေအများကြီး ရှိနေတာ။ ဒီကန့် သတ်ချက်တွေကြောင့်ဖြစ်တယ်။ နောက်တစ်ချက်က မိုးကရွာနေပြီဆိုတော့ သွားရခက်တဲ့နေရာတွေမှာ ဘာမှကူညီထောက်ပံ့ရေးမရတဲ့နေရာတွေမှာအခက်အခဲ ဖြစ်တယ်ပေါ့နော်။ မုန်တိုင်းနောက်ပိုင်းမိုးပြန်ရွာတဲ့ အချိန်ရောက်နေပြီဆိုတော့ နေစရာမရှိတဲ့သူတွေ တော်တော်အခက်အခဲဖြစ်တယ်။ ရသေ့တောင်တို့၊ ပုဏ္ဏားကျွန်းတို့လို အများကြီးထိခိုက်သွားတဲ့နေရာတွေမှာ ဘာမှအကူအညီတွေ မရောက်သေးဘူး။ တချို့ကျောင်းဖွင့်ကာလ မုန်တိုင်းမတိုက်တဲ့နေရာတွေမှာတော့ ကျောင်းတွေပြန်မဖွင့်နိုင်သေးဘူး”လို့ လူမှုကယ်ဆယ်ရေးတွေ လိုက်လံလုပ်ဆောင်ပေးနေတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းသင့်ဒေသတွေထံ အကူအညီပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဘာကြောင့်ခရီးသွားခွင်လာခွင့် ပိတ်ပင်ရတာလဲဆိုတာ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်က မုန်တိုင်းဒဏ်သင့် ဒေသခံတွေကို အကူအညီတွေ ပေးနိုင်တော့မှာမဟုတ်ဘူးလို့ UNOCHA က ပြောဆိုထားပါတယ်။

မိုခါမုန်တိုင်းဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ခရီး သွားလာခွင့်ပိတ်ပင်မှုဟာ ပြည်သူတွေကို အထိနာစေဖို့ လုပ်ဆောင်တာလို့ ရခိုင်ဝါရင့်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ဝေဖန်တာပါ။

“ဒါကတော့သိတဲ့အတိုင်း ရခိုင်မှာမိုခါကြောင့် ဒုက္ခရောက်တာ ရက်ပေါင်းနှစ်ဆယ်ကျော်တဲ့အထိ ပြည်သူတွေ အကုန်အမိုးအကာအောက်ကို မရောက်နိုင်သေးဘူး။ ထမင်းနပ်မှန်အောင် တချို့မစားရသေးဘူး။ စစ်ကောင်စီက အခုလိုပြည်တွင်းပြည်ပအကူအညီတွေကို မလာရဘူးလို့ကန့်သတ်လိုက်တဲ့အချိန်မှာ ပြည်သူတွေကစိတ်အားငယ်ပြီးတော့ မျှော်လင့်ချက်မဲ့ပြီး နာကျည်းခံပြင်းမှုတွေမျိုးစုံဖြစ်နေကြပါတယ်။ တော်တော့်ကို ဒုက္ခရောက်နေချိန်မှာ ကိုယ်တိုင်ကူညီပေးရမယ့် တာဝန်ရှိအစိုးရကိုယ် တိုင်က နိုင်ငံတကာအကူအညီကို ပိတ်တပ်တာမို့ စကစလုပ်ရပ်ကို ပြည်သူတွေက တော်တော်ခံပြင်းနေကြပါတယ်” လို့ သူကပြောပြပါတယ်။

စစ်ကောင်စီက မုန်တိုင်းဒဏ်သင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နေပြီလို့ ပြောဆိုထားပေမယ့် မြေပြင်မှာတော့ သူတို့တပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကိုသာ ဦးစာပေးပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက တညီတညွှတ်တည်း ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခတ်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည် နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး လူဦးရေ သိန်းနဲ့ချီ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-WFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.