သရက်ချောင်း၊ ဇွန်(၁၁)

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာက အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ ဝင်းဝရဲစခန်းကနေ ထွက်လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ကနက်သီရိရွာထဲ စစ်ကြောင်းထိုးလာစဉ် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီနောက် နတ်ဆိပ်ရွာကို ထပ်မံဝင်ရောက်ကာ ဒေသခံ ၂၀ နီးပါးကို ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်က နတ်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားပြီး စစ်ယူနီဖောင်းတွေ ဝတ်ဆင်ခိုင်းထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကနက်သီရိရွာကို ဝင်ရောက်ချိန် ဒေသခံ နေအိမ် ၃ လုံးခန့်ကို မီးရှို့ခဲ့ပြီး နေအိမ်မီးလောင်မှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အဖွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာက ဒေသခံရာနဲ့ချီပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထု ၃၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သု တေသနအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media( ပုံဟောင်းဖြစ်ပါသည်။)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.