သထုံ၊ ဇွန်(၁၁)

မွန်ပြည်နယ် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၂) တပ်ရင်းနဲ့ အမှတ် (၄၀၂) အမြောက်တပ်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျေးရွာတွေထဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတဲ့ သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNLA ပူးပေါင်းတပ် မြေပြင်အဖွဲ့နဲ့ ဒရုန်းတပ်ဖွဲ့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၂) က တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အမှတ် (၄၀၂) အမြောက်တပ်ကတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး မကြာသေးမီကမှ အသစ်ပြောင်းလာတဲ့ အမြောက်တပ် တပ်ရင်းမှူးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသစ်ပြောင်းလာတဲ့ စစ်ကောင်စီအမှတ်(၄၀၂) အမြောက်တပ် တပ်ရင်းမှူးက ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNLA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမြောက်တပ် တပ်ရင်းမှူးကို စစ်ကောင်စီက လေယာဉ်နဲ့လာရောက်သယ်ဆောင်ပြီး နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောဆိုထားပါတယ်။

အခြေစိုက်တပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၉ ရက်နေ့မှာ သထုံမြို့နယ် သိမ်ဆိပ်-လေးကေးလမ်းပေါ်က တံတားတစ်စင်းကို ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးသွားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ပြောပါတယ်။

တံတားဖျက်ဆီးခံရတဲ့အတွက် သထုံမြို့နယ် လေးကေ၊ ဝင်းတာပန်၊ ပုရစ်ခို၊ ထုံးဖိုကြီး၊ ထုံးဖိုလေးကျေးရွာက ဒေသခံတွေဟာ သထုံမြို့၊ သုဝဏ္ဏဝတီမြို့ဘက်တွေကို သွားလာဖို့နဲ့ ကုန်ပစ္စည်းတွေ တင်ပို့ ရောင်းချဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မေလအတွင်း ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်က ခရိုင်ချင်းဆက်လမ်းနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်း ၄ ခုကို ဘတ်ဟိုးနဲ့ထိုးပြီး ဖျက်ဆီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.