သထုံ၊ ဇွန်(၁၁)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်တဝက်ကျိုးလာတဲ့ခါမှာတော့ မြန်မာပြည်တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲပုံစံ ပြောင်းလဲလာတယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက သုံးသပ်ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်အာဏာ ရှင် စနစ်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကြောင့် ဒီကနေ့အထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ ခုခံတွန်းလှန်မှုကြောင့် အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု ပုံစံပြောင်းလဲလာပြီး စစ်ကောင် စီတပ်ဟာ ထိုးစစ်ကနေ ခံစစ်အသွင် ကူးပြောင်းလာနေပါတယ်။

နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တော် လှန်ရေး အင်အားစုလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ပစ်မှတ်တွေကို သွားရောက်တိုက်ခိုက်တာတွေ ပိုများလာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအသုံးပြုမှုနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုအသုံးပြုလာနေတာပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးစောကျော်မြင့်က လက်ရှိမှာစစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတာတွေ မရှိတော့ပေမယ့် အဝေးကနေလက်နက်ကြီးနဲ့ ပစ်ခတ်နေတာအပြင် ခံစစ်ပြင်ဆင်မှုပိုမို လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတို့ ဘာတို့တော့ အခုချိန်မှာတော့ မရှိသလောက်ပဲ။ ဒါပေမယ့် သူတို့တတွေက စစ်ကြောင်းမထိုးနိုင်တော့ အဝေးကနေပြီးတော့ လက်နက်ကြီးအမြှောက်တွေနဲ့ ရမ်းသမ်းပြီး ပစ်တဲ့ဟာက ပုံမှန်လိုဖြစ်နေတယ်။ ရွာထဲကိုပစ်တာတို့၊ ဘာတို့အမြဲတမ်းလို့ ပစ်နေတာ။ ထိုးစစ်ဆင်တဲ့အပိုင်းမှာတော့ လောလောဆယ် ကျွန်တော်တို့ဆီမှာ လုံးဝအရိပ်အရောင် မတွေ့ရသေးဘူး” လို့ သူကဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီဘက်က လေ ကြောင်း တိုက်ခိုက်တာတွေမရှိပေမယ့် လေယာဉ်ကင်းထောက်တွေနဲ့ စခန်းရှိရာအနီးတဝိုက် လေကြောင်းပျံသန်းတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

တဖက်မှာတော့ KNU ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာမရှိသလောက် နည်းပါးလာပြီး KNLA နဲ့ ဒေသကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကသာ သူတို့တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ပိုမိုများလာတာ ဖြစ်ပါတယ်။

မြေပြင်စစ်ကြောင်းမထိုးနိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ သူတို့တပ်စခန်းတွေ စီးနင်းခံရတိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ရေးအကဲခတ်သူတွေက စစ်ကောင်စီတပ်ဟာ စစ်ရေးအရအရေးပါတဲ့ နေရာတွေမှာ စစ်စခန်းတွေ အခြေစိုက်ပြီး လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုဗျူဟာကို ပိုမိုအားပြုပြီး လက်နက်အင်အားအသာစီးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းနိုင်ဖို့ လုပ်ဆောင်လာနေတာလို့ ထောက်ပြကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းပြီး ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေတဲ့ သထုံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်တမ်းတစ်ခုရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ်တန်းကြား ဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဒေသခံအရပ်သားတွေ နေထိုင်တဲ့ကျေးရွာဘက်ကို ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှုရှိတဲ့အပြင် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ပ-က-ဖ ပြန်ကြားရေးတာဝန်ခံကလည်း စစ်ကောင်စီတပ်ဟာ အင်အားနည်းလာတဲ့အပြင် ရှေ့တန်းစစ်မျက်နှာတင်မက တပ်ရင်းတပ်ဖွဲ့တွေမှာပါ တိုက်ခိုက်မှုခံနေရတဲ့အတွက် စစ် ကြောင်းမထိုးနိုင်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

“တနင်္သာရီတိုင်းအနေနဲ့ပြောရရင် သူတို့ရဲ့နောက်တန်း တပ်ရင်းတပ်ဖွဲ့တွေ တပ်စခန်းတွေတောင်မှ တိုက်ခိုက်မှုတွေ ခံနေရတဲ့ဟာကို ကြုံနေရတဲ့အခါဖြစ်တဲ့အတွက် ရှေ့တန်းကြီးပဲ သူတို့အာရုံစိုက်လို့မရဘဲနဲ့ နောက်တန်းမှာလည်း သူတို့ပြင်ဆင်လာတဲ့အနေအထားတွေ ဖြစ်နေတယ်။ဒါကြောင့်မို့ အင် အားနည်းလာတာရယ်၊ စစ်မျက်နှာတွေ ရှေ့တန်းတစ်ခုတည်းမဟုတ်ဘဲ သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာပါ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် စစ်ကြောင်းမထိုးနိုင်တဲ့ အနေအထားက တဖြည်းဖြည်း ပိုပြီးများလာတာ။ ဒါကလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ပါတယ်လို့ ပြောလို့ရတယ်”လို့ သူကဆိုပါတယ်။

လက်ရှိအချိန်ကာလဟာ မိုးရာသီဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ထိုးစစ်အသွင် စစ်ကြောင်းထိုးဖို့ မပြင်ဆင်တာ ဖြစ်နိုင်သလို တစ်ဖက်မှာ စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းနဲ့ ကရင်နီဒေသတို့မှာလည်း စစ်မျက်နှာဖွင့်ထားရတဲ့အတွက် စစ်အင်အားဖြန့်ကျက်ထားရတာလို့ သူက ထောက်ပြပါတယ်။

တနင်္သာရီတိုင်းအတွင်း မေလမှာ တိုက်ပွဲ ၃၅ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၄ ကြိမ်နဲ့ ထိတွေ့မှု အကြိမ်ရေ ၄၉ ကြိမ်အထိ ဖြစ်ပေါ်ခဲ့တဲ့ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုက အကြိမ်ရေပိုများပြီး ထိတွေ့မှုစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်တမ်းတစ်ခုရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စစ်ကောင်စီရဲ့ မြို့နယ်ရဲစခန်း၊ ခလရ (၂၈၄) တပ်ရင်းနဲ့ စစ်တပ်ဘက်က တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ လဝကရုံး၊ဆက်သွယ်ရေးရုံး၊ အခွန်ရုံးနဲ့ တရားသူကြီးရုံးတွေကို ဇွန် ၂ ရက်နေ့က ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့ တပြိုင်ထဲဝင်ရောင်စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ဇွန် ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံတချို့ကတော့ စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီရောက်တာနဲ့ တော်လှန်ရေးတပ်ဖွဲ့ အင်အားနည်းတဲ့ဒေသတွေဆိုရင် စစ်ကြောင်းထိုးပြီး တော်လှန်ရေးတပ်ဖွဲ့ အင်အားများတဲ့ ဒေသတွေကိုတော့ ခံစစ်အတွက် ပြင်ဆင်သွားနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.