ကျောက်ကြီး၊ ဇွန်(၁၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) နယ်မြေ ကျောက်ကြီးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီကနေ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲက နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ(၅)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

အဲဒီတိုက်ပွဲပြီးနောက် ဇွန်လ(၉)ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က နတ်သံကွင်းအနီးကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် အုန်းပင်စုရွာနေပြည်သူတစ်ဦးနဲ့ ဗောဓိကုန်းရွာနေပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ(၈)ရက်နေ့ကလည်း နတ်သံကွင်းမြို့တောင်ဘက် တောကြောင်ပေါက်၊ အထက်ရွာ၊ ဝါးပင်စုကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူလူထုကို ဦးတည်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုတွေ ဆိုးရွားစွာခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့လုပ်ရပ်ကြောင့် ကျေးရွာပေါင်း(၁၈)ရွာက ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ နေ ရပ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရသလို မိုးရာသီကာလဖြစ်တဲ့အတွက် ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပြဿနာတွေ၊ မိုးဒဏ်လေဒဏ်ကြောင့် အဆောက်အဦးလုံခြုံမှုမရှိတာ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုစတာတွေ ခံစားနေရတယ်လို့လည်း သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ အတွက် လတ်တလောမှာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေများစွာ လို အပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.