ကော့ကရိတ်၊ ဇွန်(၁၁)

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး(၂)ဦးအပါအဝင် အရပ်သားပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ ည(၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ စစ်ကောင်စီရဲ့ လှိုင်ဝအမြောက်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကမိုင်ကုန်းကျေးရွာထဲကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာက အသက်(၄၂)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၂၉)နှစ်အရွယ် အမျိုးသမီး(၁)ဦးနဲ့ အသက်(၃၂)နှစ်အရွယ် အမျိုးသား(၁)ဦး စုစု ပေါင်း ဒေသခံရွာသား (၃)ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်လုပ်ဆောင်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားချက်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၇)ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကလေး(၁)ဦး သေဆုံးခဲ့ပြီး အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လ(၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စာသင်ကျောင်းဆောင်အပါအဝင် နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.