လွိုင်ကော် – ဇွန်(၁၀) စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်တနေရာမှာ ကမ္ဘာကျော်သူဌေးကြီး အီလွန်မက် ရဲ့ Starlink အင်တာနက်လိုင်းစတင်အသုံးပြုလို့ရပြီလို့ Free Burma Ranger (FBR)တည်ထောင်သူ David Eubank ကသူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုလို Starlink အသုံးပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပြီး ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးထားပါတယ်။

အီလွန်မက် ပိုင်ဆိုင်တဲ့ Starlink အင်တာနက်လိုင်းဟာ အမေရိကန်လေကြောင်းအာကာသ ကုမ္ပဏီ Space X ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း (၅၄) နိုင်ငံကျော်မှာ အသုံးပြုခွင့်ရနေတာပါ။

“Starlink ရဲ့ Elon Musk နဲ့ Starlink ကုမ္ပဏီ၊ ပြီးတော့ မိသားစုကို ကျေးဇူးတင်ပါတယ်။ အချင်းချင်း ချစ်ခင်ကြလေ မိသားစုကို ချစ်ခင်ကြလေလေပါပဲ။ ကျွန်တော်တို့ ခင်ဗျားကို ချစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါလေးကို ဖန်တီးခဲ့လို့ပါ” လို့ David Eubank ကပြောထားပါတယ်။

ဒါ့အပြင် နှစ်ပေါင်း(၇၃) နှစ်လောက် ပြည်တွင်းစစ်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း ဖြစ်စည်နောက်ပိုင်း (၃) သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရသလို ကယားပြည်နယ်မှာ လူ(၃) သိန်းလောက် ထွက်ပြေးနေရတယ်လို့ သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ကျေးရွာတွေကို ဗုံးကျဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတယ်လို့လည်း David Eubank ကအသိပေးထားပါတယ်။

Starlink အင်တာနက်နည်းပညာကို အမျိုးသမီးအရေးလှုပ်ရှားနေကြတဲ့ အီရန်နဲ့ ယူကရိန်းနိုင်ငံ တွေမှာလည်း အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုလည်း Starlink အင်တာနက် ပံ့ပိုးကူညီပေးဖို့ ၂၀၂၂ ခုနှစ်က အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင် က Elon Musk ကို တောင်းဆိုခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – FBR

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.