ရန်ကုန်၊ ဇွန်(၁၀)

မိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီး အောင်ဘာလေထီအက်ပလီကေးရှင်းကတဆင့် အချိန်နေရာမရွေး ထီထိုးနိုင်မယ့် အွန်လိုင်းထီစနစ်ကို စစ်ကောင်စီက စတင်အကောင်အထည်ဖော် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

အွန်လိုင်းထီစနစ်ရဲ့ စတင်ခြင်းအခမ်းအနားကို ဇွန် ၈ ရက်နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး အနာဂတ်မှာ နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှု တိုးတက်စေရေးနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးစတဲ့ အကျိုးကျေးဇူးတွေ အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အောင်ဘာလေထီ အွန်လိုင်းအက်ပလီကေးရှင်းကနေ ထီလက်မှတ်ဝယ်ယူတာ၊ ထီဖိုးငွေပေးချေတာနဲ့ ဆုငွေရယူတာတွေ လုပ်ဆောင်နိုင်သလို ထီဖွင့်တဲ့အခါ ကံထူးသူတွေရဲ့ မိုဘိုင်း ဖုန်းကနေ SMS ပေးပို့ အကြောင်းကြားလာမယ်လို့ ဆိုပါတယ်။

ထီဆုငွေထုတ်ယူရာမှာလည်း မှန်ကန်လွယ်ကူစေဖို့ ပမာဏနည်းတဲ့ ဆုကြေးငွေတွေကို အွန်လိုင်းကနေ လွှဲပြောင်းပေးမှာဖြစ်ပြီး ထီကံထူးသူတွေရဲ့ ဘဏ်ငွေစာရင်းအကောင့်ဆီ ပေးပို့တာတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးမှာပါဝင်နေသူ မခေတ်သစ်နွေဦးက စစ်ကောင်စီရောင်းချပေးမယ့်ထီဟာ ပြည်သူတွေကိုသတ်ဖို့ လက်နက်ဝယ်ဖို့သာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဆက်လက်ဆန့်ကျင်ပေးဖို့ တိုက်တွန်းတာပါ။

“စစ်ကောင်စီရောင်းချပေးတဲ့ အွန်လိုင်းထီကို ထိုးမိခဲ့တဲ့ပြည်သူတွေမှာ အဓိကကတော့ ဒီထီကိုထိုးလိုက်လို့ရလာမယ့် အကျိုးအမြတ်ထက် တိုင်းပြည်ဖျက်ဖို့ ပြည်သူတွေကိုသတ်ဖို့ လက်နက်ဝယ်ဖို့အတွက် အားပေးနေတာလို့ပဲ ပြောချင်ပါတယ်။ ဆိုတော့ ကိုယ့်အိမ်မီးစမကျသေးခင်အထိ၊ ကိုယ့်အိမ်တံခါးလာမခေါက်သေးခင်အထိတော့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကိုတော့ မျက်ဝါးထင်ထင် တွေ့မြင်ရတာမျိုး ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့်လည်း အားလုံးက တိုက်ရိုက်မပတ်သက်ရင်တောင် သွယ်ဝိုက်ပြီး ပတ်သက်နေရတာမျိုးဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် အသက်ရှူပေါက်မပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းချင်ပါတယ်” လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသူ ပြည်သူတွေက စစ်ကောင်စီကို ဝင်ငွေခွန်အဖြစ် စီးဆင်းစေတဲ့ အောင်ဘာလေထီလက်မှတ်တွေကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် စစ်ကောင်စီအနေနဲ့ ထီဖွင့်ရက်နောက်ဆုတ်တာ၊ ထီဆုကြေးလျှော့ချတာတွေနဲ့ ထီဆုကြေးတွေကို အရစ်ကျ ပေးအပ်တာတွေ လုပ်ဆောင်ခဲ့ရတာပါ။

တစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ အောင်လံလွှင့်ချီ နွေဦးထီကို အွန်လိုင်းကနေ ၂၀၂၁ ခုနှစ် ဩဂုတ်အတွင်း စတင်ရောင်းချရာ ကံစမ်းသူများပြားလွန်းတဲ့အတွက် ထီရောင်းချချိန် နာရီပိုင်းအတွင်း ရောင်းကုန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် အောင်တိုဘာမှာ အွန်လိုင်းကနေ အောင်ဘာလေထီရောင်းချဖို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်မယ့် ကုမ္ပဏီတွေကို အဆိုပြုလွှာတောင်းခံမှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်ဘာလေထီအွန်လိုင်း ထီစနစ်ကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ဦးစီးဌာနတွေအပြင် စစ်တပ်ပိုင် MyTel ကုမ္ပဏီက ပါတနာအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ထီကို ပြည်သူတွေအနေနဲ့ ဝယ်ယူအား ပေးတာမလုပ်ဘဲ သပိတ်ဆက်မှောက်ပေးဖို့ တိုက်တွန်းပါတယ်။

“စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းဟူသမျှကို ပြည်သူတွေ လုံးဝ လုံးဝမဝယ်သင့်ဘူး၊ အားမပေးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကရောင်းတဲ့ထီတို့၊ ဘီယာတို့ အဲဒီကတော်တော်များများရတဲ့ငွေနဲ့ သူတို့ကပြည်သူကိုပြန်သတ်ဖို့ လက်နက်ခဲယမ်းဖိုးသာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေ စစ်ကောင်စီက အခုရောင်းမယ်လို့ ပြောနေတဲ့ထီလည်း လုံးဝအားမပေးပါနဲ့လို့ ပြောချင်တယ်”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ လူထုတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်စွမ်းအားစတဲ့ကဏ္ဍတွေထက် ပိုတိုးသုံးစွဲခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲလာတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီလိုလားသူတွေဟာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်း ကြောင်းတွေ ဖြတ်တောက်ရေး စစ်တပ်ပိုင်ကုန်ပစ္စည်းတွေကို ဝယ်ယူအားမပေးဖို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွေ ဒီကနေ့အထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.