စစ်တွေ – ဇွန်(၁၀)

မိုခါမုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC) နဲ့ UWSA “ဝ”ပြည်နယ်အစိုးရ တို့က သိန်း(၁) သောင်း လှူဒါန်းခဲ့ တယ်လို့ ERRCA က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်သူ၊ပြည်သားတို့ရဲ့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ဆိုပြီး FPNCC က သိန်း(၅၀၀၀) နဲ့ UWSA က သိန်း(၅၀၀၀) လှူဒါန်းခဲ့တာပါ။

“ဝ”ပြည်နယ်၊ ပန်ခမ်းမြို့မှာ UWSA ဒုဥက္ကဋ္ဌ နဲ့ ပြည်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူးဖြစ်တဲ့ ဦးကျောက်ကော်အန်းက FPNCC နဲ့ UWSA ကိုယ်စားပေးအပ်ခဲ့တာဖြစ်ပြီး ERRCA ဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်နဲ့ HDCO အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က လက်ခံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွက် ပြည်တွင်း၊ပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီဘက်က ပိတ်ပင်ထားတဲ့အတွက် ရက္ခိုင့်တပ်တော် AA က ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေဟာ အခြေအနေ ပိုဆိုးလာနိုင်ပြီး အကူအညီပေးနေတဲ့ လုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းလိုက်ရပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇွန်လ (၉) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မိတ်ဖက်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ KIA၊MNDAA၊TNLA၊ NDAAနဲ့ SSPP အဖွဲ့တွေက ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူတွေအတွက် ရက္ခိုင့်တပ်တော် (AA) ထံ အလှူငွေတွေ ပေးအပ်ထားပါသေးတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခတ်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး လူဦးရေ သိန်းနဲ့ချီ လူသာချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ERRCA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.