တနင်္သာရီ၊ ဇွန်(၁၀)

တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ မေလတစ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ အရပ်သား ၃ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ သုတေသနအဖွဲ့ ဖြစ်တဲ့ FE5 Tanintharyi က ဇွန် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ မေလအတွင်း စစ်ကောင်စီဘက်က အရပ်သားပြည်သူ ၄၂၁ ဦးကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့ကာ အဲဒီထဲက အရပ်သား ၃၂၁ ဦး ပြန်လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဖမ်းဆီးသူတွေထဲမှာ ၃ ဦးဟာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရလိုက်ရပြီး ကျန်တဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ပုဒ်မအမျိုးမျိုးတပ်ပြီး ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးခံရသူထဲမှာ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ရေဖြူမြို့နယ်မှာ ၃၃၃ ဦး၊ ပုလောနဲ့တနင်္သာရီမြို့ နယ်မှာ ၈၁ ဦးထက်မနည်း၊ ခမောက်ကြီးနဲ့ဘုတ်ပြင်းမြို့နယ်မှာ ၇ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မေလအတွင်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေအပြင် တိုက်ပွဲတွေကြောင့် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲတွေကြောင့် ပြည်သူလူထု ၃၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရွာကာလ ကျရောက်လာတဲ့အတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရပြီး ဆေးဝါးနဲ့ အမိုးအကာမလုံလောက်မှုကို ကြုံတွေ့ရနေတယ်လို့ ဆိုထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်းမှာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုပုံစံပြောင်းလဲလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်စတင်လာကာ စစ်ကောင်စီဘက်က ခံစစ်သို့ကူးပြောင်းလာတယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.