ဆားလင်းကြီး – ဇွန်(၁၀)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက် က (၁၂) ဦးသေဆုံးပြီး လက်နက်(၇) လက်သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ) မှတက်လာတဲ့ Mi-35 (၁) စီးနဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမယ့် ညောင်ပင်ကြီး ရဲစခန်းကို အောင်မြင်စွာစီနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၉) ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး – ပ.က.ဖ) နဲ့ Alpha(ဆားလင်းကြီး-ပ.က.ဖ) တို့က တိုက်ခိုက်ခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က စခန်းမှူးရဲအုပ် ဇော်ဌေးမြင့် ဦးစီးတဲ့ အင်အား(၄၀) ခန့်အထိုင်ချထားတဲ့ ညောင်ပင်ကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် က စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၂) ဦးသေဆုံးကာ၊MA-13 (၂)လက်၊ G-3 (BA-63) (၄) လက်၊Shotgun(၁)လက်၊7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး(၁၃)လုံး၊ငွေကျပ်(၁၁၄) သိန်း ကိုသိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က (၁) ဦးကျဆုံးကာ (၂) ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.